Saturday, June 29, 2019

အမေကြီး လက်ခတ်သံ

မိုးမကောင်းသေးသည့် အ ညာ၏ နယုန်လပြည့်ကျော် ၁ ရက် မိုးတွင်းနေ့လယ်ခင်းသည် ပူလောင်အိုက်စပ်လွန်းလှသည်။ ထိုပူလောင်အိုက်စပ်မှုကို ဂရုမစိုက်နိုင်သည့် အသက်(၇၀)ကျော် (၈၀)ခန့် အမေကြီးအို တစ်ယောက်သည် ရက်ကန်းစင်လေး တစ်စင်ပေါ်တွင် အလုပ်များနေလေသည်။ လွန်းဆန်လေးကလည်း အမယ်အိုကဲ့သို့ အလုပ်များကာ ဟိုဒီရွေ့လျားနေရသည်။ အမေကြီး၏ ခြေနှစ်ဖက်ကလည်း ရက်ကန်း စင်အောက်ပိုင်းက အုန်းမှုတ်ခွက် နှစ်လုံးပေါ် တစ်ဖက်စီ နင်းထားရသည်။ လွန်းဆန်တစ်ခါပြေးလိုက် အမေကြီး၏ အရေတွန့်တွန့် လက်နှစ်ဖက်က လက်ခတ်တစ်ခါရိုက်လိုက်ဖြင့် အထည်သားလေး ရုပ်လုံးပေါ်လာလေသည်။


အမေကြီးအို၏ အမည်က ဒေါ်တင်ရွှေဟု ခေါ်ပါသည်။ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ဇဂျမ်းရွာက အမေကြီး၏ ချက်မြှုပ်ဇာတိ ဖြစ်ပါသည်။ အမေကြီး၏ သမီး၊ သားနှင့် မြေးများက အမေကြီး အသက်ကြီးပြီမို့ ‘‘ရက်ကန်းမခတ်ပါနဲ့ တော့။ ရက်ကန်းစင်ပေါ် မတက်ပါနဲ့တော့’’ဟု တားသော်လည်း ဘယ်လိုမှတားမရ။ အသက်လည်းကြည့်ဦး၊ လာမည့် ၀ါဆိုလဆန်း ၅ ရက်ဆိုလျှင်ပင် အမေကြီး အသက်(၇၇)နှစ်ပြည့်လေပြီ။ အမေကြီးအရွယ်က ရက်ကန်းခတ်ရမည့် အရွယ်မဟုတ်တော့။ သို့သော် အမေကြီးကတော့ တစ်ရက်တစ်ရက် သူ့ရက်ကန်းစင်ပေါ် အထည်လေးပြေးမခတ်ရ လျှင် စားလို့ရယ်မ၀င်၊ အိပ်လို့ရယ်မပျော်။ ရက်ကန်းသည်သာ သူ့ဘ၀သာ…

‘‘ဘုရားငုတ်တို ရောင်တော် လွှတ်မှ ပုံတော်ဆင်ဝတ်ကြပါစို့ မောင်ကြီးရေတော့...

အောက်ပြည်စုန် လှေတော်ထိုး ပိုးမှာလိုက်တယ် လေလေ့..၂

အနားတစ်ဖက် တစ်ချက်ရယ် စိမ်းနုခြယ် စိမ်းနုခြယ် အလယ်မှာ သံရောင်ကွက်နဲ့ ချစ်တဲ့သူ ယက်ခဲ့တယ်... ၂

လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ ... လက်ခတ်သံ လက်ခတ်သံ ပျိုလေးလက်ခတ်သံ လက်ခတ်သံ ကျွန်းပိုသား သောင်းတိုင်က ကြားသလေလေ့ လက်ခတ်သံ ကျွန်းပိုသား သောင်းတိုင်က သောင်းတိုင်က ကြားသလေလေ့’’ (ရေး-အလင်္ကာကျော်စွာ စိန်ဝေလျှံ၊ ဆို-သန်းသန်းဆင့်)

 အမေကြီးတို့ ငယ်စဉ်ကတော့ ဇဂျမ်းရွာမှာ ရက်ကန်းစင် တွေ အတော်ပေါများခဲ့ပါ၏။ စာမတတ် အကန်း၊ ရက်ကန်းမခတ်တတ် အကျိုးဟု စကားရှိသည်မို့ ဒေါ်တင်ရွှေတို့ ငယ်စဉ်က မိန်းမပျို တော်တော်များများ ရက်ကန်းခတ်တတ်ကြပါသည်။ ရက်ကန်းကိုလည်း သင်တန်းသဘောမျိုး သင်ပြသည်ထက် ကိုယ့်ရွာထဲ ကိုယ့်ထက်ဝါရင့်သည့် အစ်မကြီး၊ အဒေါ်ကြီးများ ခတ်သည်၊ ပြုသည်ကို ဘေးကနေရပ်ကြည့်ရင်းသင်ယူရပါသည်။ လိုအပ်သည်များ ၀ိုင်းကူရသည်။ ထို့နောက်တဖြည်းဖြည်း မျက်စိရည်ဝလာမှ ရက်ကန်းစင်ပေါ် တက်ခတ်ကြည့်ရသည်။ ကောင်းကောင်း မခတ်တတ်သေးသဖြင့် အစ်မတွေက ‘‘ဟဲ့ဟဲ့ ပြန်ဆင်း၊ ပြန်ဆင်း ပျက်ကုန်ပါဦးမယ်တော်’’ဟု စင်ပေါ်ကနေ ပြန်ဆင်းခိုင်းသော်လည်း ဒေါ်တင်ရွှေတို့ကတော့ လစ်တာနှင့် ခတ်ခတ်ကြည့်ခဲ့ကြသည်။

 ဒေါ်တင်ရွှေက တစ်ရွာတည်းသားနှင့် အိမ်ထောင်ကျခဲ့ပါသည်။  အိမ်ထောင်ကျပြီးနောက်လည်း ရက်ကန်းခတ်ခဲ့ပါ သည်။ သို့သော် အခုလိုတော့ စင်နှင့် ခံ့ခံ့ညားညား မဟုတ်သေး။ မြေပေါ်တွင် လက်သမားနှင့် တိုင်လေးတိုင် စိုက်ဆောက်ကာ အဖြစ်ခတ်ရသည့် မြေစိုက်ရက်ကန်း စင်လေးနှင့် ဖြစ်သည်။ ယခုလိုရက်ကန်းစင်မျိုးက ငွေရယ်ကြေး ရယ် မတတ်နိုင်သဖြင့် မ၀ယ်နိုင်။ ဒေါ်တင်ရွှေ အမျိုးသားက တောင်သာမှာ ကုန်သွယ်ရေး(၁) အ၀ယ်ဒိုင် စာရေးလုပ်သည်။

ဒေါ်တင်ရွှေကတော့ အိမ်မှာအိမ်မှုကိစ္စ ဗာဟီရလုပ်ရင်း သား၊သမီးဝေယျာဝစ္စပြုရင်း အိမ်စရိတ်လေးဖာဖို့ ရက်ကန်းခတ်ခဲ့ပါသည်။ အပြင်ရောင်းဖို့ သား၊ သမီးတွေဖို့လည်း ဒေါ်တင်ရွှေ ခတ်ပါသည်။ လင်သားအတွက်လည်း အကြမ်းဝတ်ဖို့ ဒေါ်တင်ရွှေ ခတ်ပေးပါသည်။ မိုးတွင်းနှင့် ဆောင်းတွင်း မိသားစုတွေ နွေးထွေးဖို့ စောင်တွေလည်း ဒေါ်တင်ရွှေ ခတ်ခဲ့သည်။ တောလူနေမှု ဟန်ပန်အတိုင်း ဒေါ်တင်ရွှေတို့မိသားစုက အိမ်ကရက်ကန်းထည်သာ ၀တ်သဖြင့် အ၀တ်အထည်အတွက်ငွေကုန်ကြေးကျ မရှိတော့။

ဒေါ်တင်ရွှေ အိမ်သားက အသက်(၃၉)နှစ်အရွယ် ခပ်ငယ်ငယ်မှာပင် ဆုံးရှာပါသည်။ သားသမီးခြောက်ဦး မွေးခဲ့သော်လည်း သမီးတစ်ဦး၊ သားတစ်ဦးသာ အ ဖတ်တင်ခဲ့သည်။ အသက်(၃၈)နှစ်အရွယ်မှာပင် ဒေါ်တင်ရွှေမုဆိုးမဖြစ်ခဲ့သည်။ ထိုစဉ်က သမီးကြီးက အသက်(၁၃)နှစ်လေးတန်းသာ ရှိသေးသည်။ သားအငယ်ကတော့ (၅)နှစ်သား။ သမီးကြီးက အဖေဆုံးပြီဆိုတော့ မိသားစု စားဝတ်နေရေးအတွက် ကျောင်းထွက်ပြီး သူနေခဲ့သည့်ကျောင်းမှာပင် မုန့်ပြန်ရောင်းပါသည်။

 သူ့ကျောင်းမှာတင် ပြန်ရောင်းရသည်မို့ သူငယ်ချင်းတွေ နဲ့ ဆုံရတော့ ကလေးမို့ မျက်နှာတောင် မဖော်ဝံ့ဘဲ ရှက်ခဲ့လေသည်။ ဒေါ်တင်ရွှေမှာလည်း သမီးကြီးအတွက် စိတ်မကောင်းလှ သော်လည်း အခြေအနေက ပေးလာသည်မို့ ဘာမှမတတ်နိုင် တော့။ သူကိုယ်တိုင်လည်း မိသားစုအတွက် မြေစိုက်ရက်ကန်းစင် လေးမှာ တဂျောင်းဂျောင်း မြည်အောင် အထည်တွေ ခတ်ခဲ့ရပါ သည်။

မြေစိုက်ရက်ကန်းစင်လေးမို့ အများလို ခံ့ခံ့ထည်ထည် ရက်ကန်းစင်လေးတစ်စင် ဒေါ်တင်ရွှေ ပိုင်ချင်ခဲ့ပါသည်။ သို့သော် သူတို့အနေအထားနှင့် ရက်ကန်းစင်လေးတစ်စင် ပိုင်ဖို့ဆိုတာမလွယ်။ စုဖို့၊ ဆောင်းဖို့ဆိုတာလည်း မဖြစ်နိုင်သေးသည်မို့ မြေစိုက်ရက်ကန်းစင်လေးနှင့်ပင် ၀မ်းစာအရေး ခတ်ခဲ့ရသည်။ လင်သားဆုံးပြီး (၁၀)နှစ်လောက်ကြာတော့ သမီးကြီးလည်း အိမ်ထောင်ကျသည်။ သမီးကြီးက ဒေါ်တင်ရွှေနှင့်အတူ နေခဲ့ပါသည်။ ဒေါ်တင်ရွှေကလည်း သူအိပ်မက်မက်ခဲ့သည့် ရက်ကန်းစင်လေး တစ်စင်ပိုင်ဖို့ အမျိုးထဲက တူမကြီးထံ အကူ အညီတောင်းကာ ငွေချေးပြီးရက်ကန်းစင်လေးတစ်စင် ၀ယ်ခဲ့ သည်။ ငွေကျပ်တစ်ရာ့အစိတ် ပေးခဲ့ရသည်ကို ဒေါ်တင်ရွှေ မမေ့ သေး။ တူမကြီးကလည်း ကောင်းရှာသည်။ ထိုငွေကို ပြန်မယူတော့။ ဒေါ်တင်ရွှေ သာဓုတွေ ခေါ်ရပါသည်။

သမီး ကျောင်းဈေးရောင်းတာနှင့် ဒေါ်တင်ရွှေ ရက်ကန်း ခတ်တာဖြင့် သားအမိသုံးယောက် ဘ၀ခရီးဆက်ခဲ့ကြသည်။ လင်သားဆုံးသွားပြီဖြစ်၍ မုဆိုးမဘ၀မို့ တစ်ခါတစ်ရံ ရက်ကန်းခတ်ရင်း ဒေါ်တင်ရွှေ အားငယ်ခဲ့ရပါသည်။ သို့သော် သူအားပြန်တင်းသည်။ သားသမီး နှစ်ယောက်အတွက် သူမာမှ ဖြစ်မည်ဟု စိတ်ကိုတင်းကာ ရက်ကန်းကို ကြိုးစားခတ်ခဲ့သည်။ ရက်ကန်းစင်လေး သည် သူတို့မိသားစု ၀မ်းစာရေးအတွက် တစ်နည်းတစ်ဖုံ အထောက်အကူ ပေးခဲ့ပါလေသည်။

ဒေါ်တင်ရွှေက အမျိုးသမီးဝတ် လုံချည်တွေကို အပွင့်တွေ၊ချိတ်တွေ ဒီဇိုင်းဆင်ပြီးလည်း ခတ်ပါသည်။ ဒေါ်တင်ရွှေလက်ရာကို လည်း ရွာထဲက သဘောကျကြသည်။  အမျိုးသမီးဝတ် လုံချည်တွေအပြင် အမျိုးသားဝတ် ပုဆိုးတွေ၊ အင်္ကျီစတွေ၊ စောင်တွေလည်း ရက်ပါသည်။ ဒေါ်တင်ရွှေတို့ ရက်ကန်းထည်က အဝေးကမှာ သည်မျိုးတော့ မဟုတ်ပါ။ကိုယ့်ရွာထဲဝတ်ဖို့ ၀ယ်ကြ၊ ပြုကြ၊ရောင်းကြရတာဖြစ်သည်။ တစ်တန်းကျွတ်လိုက် အထည်လေးချလိုက်၊ ၀ယ်သူရှိ ရောင်းလိုက်ဖြင့်ဝမ်းစာအရေး ဖြေရှင်းရတာဖြစ်သည်။

 ထိုသို့နေလာရင်း နှစ်တွေကြာ သမီးကြီးရော သားငယ်ပါ အရွယ်ရောက်လာခဲ့သည်။  အိမ်ထောင်တွေ အသီးသီးကျပြီး နောက် ရွာမှာတင်အခြေချသည်။ အခုတော့ သားငယ်က မလေးရှားမှာဖြစ်သည်။ သမီးတွေ၊ သားတွေကနေ သားတွေ၊ မြေးတွေ ပွားစီးလာခဲ့သည်။ အခုဆို ဒေါ်တင်ရွှေမှာ မြေးတွေမနည်းတော့။ မြေးတွေကလည်း ဘွဲ့ရပညာတတ်တွေ၊ အလုပ်အကိုင်တွေနဲ့ ဖြစ်ကုန်လေပြီ။ ဒေါ်တင်ရွှေ အသက် (၇၇)ပင်ရှိလေပြီ။ သို့သော် ဒေါ်တင်ရွှေ ရက်ကန်းစင်ပေါ်က မဆင်းသေး။

ဒေါ်တင်ရွှေက ငယ်တုန်းကလိုပင် ရက်ကန်းခတ်သည့် အလုပ်ကို မက်မက်စက်စက် လုပ်နေတုန်းဖြစ်သည်။ ရက်ကန်းအလုပ် ကလည်း စင်ပေါ်တင် ခတ်ရတာတစ်ခုတည်း မဟုတ်။ ပထမဆုံးချည်ဝယ်ရသည်။ ထိုချည်ကိုမှ ထမင်းဖြင့်နယ်ကာ ချည်စာနင်းရသည်။ တောင့်သွားအောင် ဖြစ်သည်။ ထို့နောက် ခြောက်အောင် နေလှန်းရသည်။ နေပြပြီးနောက် ရေဆွတ်ကာ ထမင်းတွေကို ဆတ်သွားနှင့် သပ်ချရသည်။ ပြီးနောက် ချားတစ်စင်းဖြင့် တညင်းလုံး (ယောက်လုံး)ဆီ ချည်ချရသည်။ ထိုတညင်းလုံးတွေကို ရဟတ်ဖြင့် ပြန်ချရသည်။ ထိုရဟတ်မှတစ်ဆင့် လိပ်လုံးဆီ ချည်တွေ ပြန်လိပ်ရသည်။ ထိုလိပ်လုံးကို ရက်ကန်းစင်ပေါ်ဆင်းပြီး ယခင်အတန်းက ကျန်သည့်ချည်နှင့် လိပ်လုံးကချည်ကို ဆက်ရသည်။ အတိုင်အတွက်ပြီးပြန်တော့ အဖောက်အတွက် ရက်ဖောက် ယောက်ရသည်။ လွန်းဆန်ထဲမှာထည့်မည့် ရက်ဖောက်အတွက် ဖြစ်သည်။

ထိုအဆင့်တွေ အကုန်လုံးကို ဘယ်သူ့အကူအညီမှ မပါဘဲ အမေကြီး ဒေါ်တင်ရွှေ တစ်ဦးတည်းသာ လုပ်ပါသည်။ သမီးကလည်း ရက်ကန်းအကြောင်း နားမလည်၊ မခတ်တတ်တော့ ကူပေးလို့လည်းမရ။ ဒေါ်တင်ရွှေကလည်း ဘယ်သူ့ အကူအညီမှမယူ မခိုင်းတတ်။ သူ့ဟာသူ တစ်လှုပ်လှုပ်ဖြင့် လုပ်နေလေ့ရှိသည်။ ရွာထဲက မိန်းမပျိုအချို့က အမေကြီး သမီးတို့ကို ရက်ကန်းသင်ပေးပါလားစလျှင် ‘တော်ပါအေ။ ညည်းတို့ ခတ်မှာလည်း မဟုတ်ဘဲနဲ့၊ ခတ်လည်း မခတ်ချင်ပါနဲ့အေ၊ ငါဆို ခတ်တတ်လို့ မနေနိုင်တော့ ခတ်နေရတယ်’ဟု ခပ်ရွှင်ရွှင် ပြန်စလေ့ရှိသည်။

ဒေါ်တင်ရွှေ ရက်ကန်းခတ်တာလေးရယ်၊ လင်သားပင်စင်လစာလေးရယ်ဖြင့် ဒေါ်တင်ရွှေလက်ထဲ ငွေစိုပါသည်။ သို့သော် ဒေါ်တင်ရွှေ သူသုံးတယ်ရယ်လို့ မရှိ၊ သုံးစရာလည်းမလို။ ဒေါ်တင်ရွှေ သားသမီးတွေက အမယ်အိုတစ်ယောက်ကို အေးအေးဆေးဆေး တင်ကျွေးထားနိုင်သည်။ သို့သော် ဒေါ်တင်ရွှေမှာဖြင့် ရက်ကန်းစင်ပေါ်က ဆင်းတယ်ရယ် လို့မရှိ။ ရက်ကန်းခတ်လို့ ရတာလေးဖြင့် သမီးကြီးအား ‘‘တင်တင်ဝင်း ရော့ယူအေ၊ လေးသောင်းခြောက်ထောင်၊ မဂျမ်းတော တစ်အိတ်ဝယ်လိုက်’’ဟုလည်း ပေးတတ်သည်။ မြေးတွေလာလျှင် ငါ့မြေးတွေဖို့ သုံးလေးထောင်မျိုး မုန့်ဖိုးပေးသည်။ မြေးတွေက လည်း ဘာလေးဝယ်ချင်လို့ အမေကြီး စိုက်ဦးဆိုလည်း ဒေါ်တင်ရွှေ သူ့ချွေးခံအိတ်လေးထဲကနေ လိုလိုချင်ချင်ပင် ထုတ်ပေးတတ် သည်။ သားသမီးနှစ်ယောက်က သူတို့ကိုကော မြေးတွေကိုပါ မပေးပါနဲ့ တားသော်လည်း ဘယ်လိုမှ တားမရ။

 ဒေါ်တင်ရွှေအဖို့ကတော့ ငယ်ငယ်ကတည်းက သား၊သမီးတွေကို သူပေးလာခဲ့တာ အခုဒီအရွယ်ရောက်တော့လည်း ပေးစရာမလိုတော့သည့်တိုင် ပေးချင်၊ ကျွေးချင်နေတုန်းပင်။ ဒါကလည်းဒေါ်တင်ရွှေ တစ်ယောက်တည်းတင်မဟုတ်။ ဘယ်မိဘမဆို သား၊သမီးဆီက မျှော်ကိုးသည်ထက် ပေးဖို့သာ အာရုံရှိကြပါသည်။ အသက်အရွယ် ကြီးရင့်လာ၍ အလုပ်တွေ မလုပ်နိုင်တော့လို့၊ ကိုယ်ပိုင်ဝင်ငွေ မရှိတော့လို့ မပေးနိုင်လျှင်သာ ရှိကြပါလိမ့်မည်။ စုန်ရေကတော့ အသွင်မပျက် တဝေါဝေါ စီးဆင်းနေဆဲသာ။

ဒေါ်တင်ရွှေကတော့ သူ့ရက်ကန်းခတ်၍ရသည့် ပိုက်ဆံလေး ဖြင့် သားတွေ၊ မြေးတွေကို မုန့်ဖိုးပေးရတာ ပျော်နေပါသည်။ ထို့ကြောင့်ထင်သည် ဒေါ်တင်ရွှေကျန်းမာလိုက်တာမှ ခေါင်းတစ်လုံးမခဲ။ အသက်(၅၀)ကျော်သာ ရှိသေးသည့် သမီးကြီး မတင်တင်ဝင်းက တစ်ခါတစ်ရံ သူ့ထက် အိုနေသလားတောင် ထင်ရသည်။ တခြားကြောင့်မဟုတ်။ အပ်ပေါက်ထိုးဖို့ မထိုးနိုင်၍ ‘‘အမေရေ သမီးကို အပ်ပေါက်လေး ထိုးပေးပါဦး’’ဟု အမေကြီး ဒေါ်တင်ရွှေကို အကူအညီတောင်းရသည်။ ဒေါ်တင်ရွှေကတော့ ပြုံးပြုံးပြုံးပြုံးဖြင့် လာစမ်းပါအေဟုဆိုကာ အပ်ပေါက်ကလေးထိုးတာများ စွတ်ခနဲ။ အပ်ပေါက်ထိုးရင်း ပြုံးပုံက ငါ မအိုသေးဆိုသည့်သဘော။

အမေကြီး ဒေါ်တင်ရွှေက သူခတ်လိုက်သည့် အထည်လေးတွေ တစ်ဖက်သား ကိုယ်ပေါ်ဝတ်ဆင်တာ မြင်လျှင် သဘောကျသည်။ အမေကြီးလက်ရာ သိပ်ကြိုက်တာပဲဟုဆိုလျှင် ကြည်နူးရသည်။ အိမ်သုံးမှာလည်း ယခင်က လင်သားနှင့် သားတွေ၊ သမီးတွေဖို့ ခတ်ခဲ့ရာ ယခုတော့ မြေးတွေအထိ ဒေါ်တင်ရွှေ ရက်ကန်းထည်တွေ ၀တ်ဆင်နေရတုန်း။ ဒေါ်တင်ရွှေ ကျေနပ်ရပါသည်။

မကြာခင်တော့ ဒေါ်တင် ရွှေလည်း ရက်ကန်းစင်ပေါ်က ဆင်းရတော့မည်ဖြစ်သည်။ အသက် တဖြည်းဖြည်း ကြီးလာ၍ ဖြစ်သည်။ သို့သော် သူကတော့ ဆင်းချင်ပုံမရသေး။ ရက်ကန်းမခတ်တော့ဖို့ ပြောလျှင်လည်း ‘‘ငါလုပ်နိုင်တုန်းလုပ်တာ။ အလုပ်မရှိရင် မနေတတ်ဘူးအေ’’ ချည်းပြောသည်။ အိမ်မှာ သမံတလင်းလေးခင်းတုန်းက သူ့ရက်ကန်းစင် ဓမ္မာရုံနား သွားထားတာလည်း သိပ်ကြိုက်ပုံမရ။ သမံတလင်းခင်းပြီးပြီးချင်း ‘‘ညည်းတို့ သမံတလင်းလည်း ခြောက်ပါပြီအေ။ ငါ့ရက်ကန်းစင် ပြန်ဆင်ပေးပါတော့’’ဟု ပူဆာသည်။ သမီးကြီးမိသားစုက အမြန်ပြန်ဆင်ပေးရသည်။ သူ့ရက်ကန်းစင်နား ကလေးတွေလာလျှင် မကြိုက်။ ‘‘ဟဲ့ ကြည့်ကြဦး ဟိုကလေးတွေ ငါ့ရက်ကန်းစင်တော့ ပျက်စီးတော့မှာပဲ။ လုပ်ရတာ မလွယ်ဘူးတော်ရေ’’ဟု ပြေးအော်တတ်သည်။ 
ဒေါ်တင်ရွှေကသာ ရက်ကန်းကို မက်မက်စက်စက် ခတ်နေခဲ့သော်လည်း ရွာထဲမှာတော့ ရက်ကန်းခတ်သူတွေ နည်းသွားကြပြီဖြစ်သည်။ သူနဲ့ရွယ်တူ ရက်ကန်းခတ်ဖော်၊ ခတ်ဖက်တွေ လည်း မရှိရှာကြတော့။ ကွယ်လွန်ကုန်ကြပြီ။ ယခင်က ဇဂျမ်းရွာတစ်ရွာတည်းတင် ရက်ကန်းစင်နှစ်ဆယ်၊ အစိတ်ရှိခဲ့ရာ ယခုတော့လေးစင်သာ ကျန်တော့လေသည်။ မိန်းမပျိုတွေကလည်း ဒေါ်တင်ရွှေတို့ ငယ်တုန်းကလို ရက်ကန်းမခတ်ကြတော့။ ထိုင်းတို့၊ မလေးရှားတို့ ရောက်ကုန်ကြလေသည်။  ဘယ်သူခတ်ခတ်၊ မခတ်ခတ် အမေကြီး ဒေါ်တင်ရွှေကတော့ ခတ်မြဲပင်။ မလေးအရွယ် မဟုတ်တော့သည့် အမေကြီး၏ လက်ခတ်သံကတော့ ဇဂျမ်းရွာတင်မက သောင်းတိုင်ကပင် ကြားရလောက်လေသည်။ ‘‘မသေသေးသရွေ့ လုပ်နိုင်တုန်းတော့ လုပ်ဦးမှာ’’ဟု အမေကြီး ဒေါ်တင်ရွှေက ဆိုလေသည်။

No comments:

Post a Comment