Saturday, June 29, 2019

တူနီးရှား၌ IS လက်ချက်ဟု ယူဆရသည့် တိုက်ခိုက်မှုများ ဖြစ်ပွားအပြီး သမ္မတ နေထိုင်မကောင်း၍ ဆေးရုံတင်ခဲ့ရ

တူနီးရှားနိုင်ငံတွင် ဇွန် ၂၇ ရက်က သမ္မတဘီဂျီကေ့ဒ်အက်ဆစ်ဘီမှာ ပြင်းထန်စွာ နာမကျန်းဖြစ်ပြီး ဆေးရုံတက်နေရသည်ဆိုခြင်းကြောင့် နိုင်ငံ၏ အခြေအနေမှာ မတည်မငြိမ်ဖြစ်နေစဉ် မြို့တော်၌ အသေခံ ဖောက်ခွဲတိုက်ခိုက်မှု နှစ်ခုလည်းဖြစ်ပွားခဲ့သည်။ ထိုတိုက်ခိုက်မှုနှစ်ခုနှင့်ပတ်သက်၍ IS အဖွဲ့က ゞင်းတို့လက်ချက်ဟု ထုတ်ပြန်ခဲ့ပြီး တူနီးရှား လုံခြုံရေးအင်အားစုများအား သတ်ဖြတ်ခဲ့သူများသည် ゞင်းတို့၏ တိုက်ခိုက်ရေးသမားများဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ SITE က ဆိုသည်။



ယခုတိုက်ခိုက်မှုများကြောင့် မြောက်အာဖရိကမှ တူနီးရှားနိုင်ငံ၏ တည်ငြိမ်မှုအတွက် စိုးရိမ်မှုများကို တစ်ဖန်ပြန်လည် ပေါ်ပေါက်လာစေခဲ့သည်။ ၂၀၁၁ ခုနှစ်က အာရပ်နွေဦး တော်လှန်ရေးဖြစ်စဉ်များအတွင်း ဒီမိုကရေစီအသွင် ကူးပြောင်းမှု၌ ရှားရှားပါးပါး အောင်မြင်မှုရရှိခဲ့သည့် တူနီးရှားသည် နောက်ပိုင်းတွင် အစ္စလာမ္မစ်တိုက်ခိုက်မှုများနှင့် မကြာခဏဆိုသလို ကြုံလာခဲ့ရသည်။


ရိပ်သာလမ်းတစ်ခုနှင့် လုံခြုံရေးအခြေစိုက်စခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သော ဇွန် ၂၇ ရက်က တိုက်ခိုက်မှုအတွင်း ရဲအရာရှိတစ်ဦး သေဆုံးပြီး အရပ်သားအချို့အပါအဝင် လူရှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြို့ဟောင်းအနီး ဗဟိုရိပ်သာလမ်းတစ်လမ်းဖြစ်သော Habib Bourguiba တွင် ပထမအကြိမ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရဲကားတစ်စီးအနီး ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြန့်ကျဲနေသည်ကို အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက တွေ့ခဲ့ရသည်။ ယင်းနောက် နာရီဝက်အကြာတွင် မြို့တော်ထဲရှိ အမျိုးသားအစောင့်၊ တရားရေးရဲ၊ အကြမ်းဖက်မှု ဆန့်ကျင်ရေးဌာနခွဲ၏ အခြေစိုက်စခန်းတစ်ခုကို ပစ်မှတ်ထားပြီး ဒုတိယမြောက် တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့ကာ လုံခြုံရေးတပ်သားလေးဦး ဒဏ်ရာရရှိခဲ့သည်။ လမ်းသွားလမ်းလာများအနက် တချို့မှာ ဓာတ်ပုံရိုက်ရန် အပြေးအလွှား ဖြစ်နေကြစဉ် အချို့မှာ မူးမေ့လဲခဲ့ကြသည်။

တိုက်ခိုက်မှုနှစ်ခုစလုံးမှာ အသေခံ တိုက်ခိုက်မှုဖြစ်ပြီး ကျူးလွန်ခဲ့သူများမှာ အမျိုးသားများဖြစ်ကြောင်း တာဝန်ရှိသူတို့က ပြောခဲ့ကြသည်။

 တိုက်ခိုက်မှုများဖြစ်ပွားသည့်အကြောင်း သတင်းများထွက်ပေါ်ပြီးနောက် နာရီပိုင်းအကြာတွင် သမ္မတအက်ဆစ်ဘီမှာ ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေပြီး တူးနစ်ရှိ စစ်ဘက်ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့သည်ဟု သမ္မတရုံးမှ ကြေညာခဲ့သည်။

အဓိကအကြံပေးတစ်ဦးဖြစ်သည့် ဖီရာ့စ်ဂွီ ဖရေ့ခ်ျက အသက် ၉၂ နှစ်အရွယ် သမ္မတ၏ အခြေအနေမှာ စိုးရိမ်စရာဖြစ်နေသည်ဟု ပြောကြားခဲ့ပြီး ယင်းနောက်ပိုင်းမှ အဆစ်ဘီ၏ အခြေအနေမှာ တည်ငြိမ်သွားပြီဖြစ်ကြောင်း Twitter ပေါ်တွင် ရေးသားခဲ့သည်။ သမ္မတ၏သားဖြစ်သူ ဟာဖေ့ကေ့ဒ်အဆစ်ဘီကလည်း ဖခင်ဖြစ်သူ၏ အခြေအနေမှာ ပြန်ကောင်းစ ပြုလာပြီဖြစ်သည်ဟု ဇွန် ၂၇ ရက်နှောင်းပိုင်း၌ ပြောကြားခဲ့သည်။

တူနီးရှားနိုင်ငံအား ကာလရှည်ကြာ အုပ်စိုးခဲ့သော အာဏာရှင် ဇင်အယ်အဘိုင်ဒင်ဘင်အလီကို ပြုတ်ကျစေခဲ့သည့် လူထုအုံကြွမှုကြီး ဖြစ်လာပြီးနောက် သုံးနှစ်အကြာဖြစ်သော ၂၀၁၄ ခုနှစ်တွင် အက်ဆစ်ဘီသည် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခံထားရသော တူနီးရှား၏ ပထမဆုံးသမ္မတ ဖြစ်လာခဲ့သည်။

No comments:

Post a Comment