Saturday, June 29, 2019

ပိုးသတ်ဆေးများချင့်ချိန်သုံးရန် တောင်သူများကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ပိုးသတ်ဆေးများနှင့် ဓါတုဆေးဝါးများကို ချင့်ချိန်သုံးစွဲရန် တောင်သူလယ်သမားများအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့သည်။ “လူတွေရဲ့ စားသောက်နေထိုင်မှုပုံစံတွေ ပြောင်းလဲတိုးတက်လာတာနဲ့အမျှဘေးကင်းလုံခြုံတဲ့စားနပ်ရိက္ခာတွေကို ပိုမိုပြီး တောင်းဆိုလာကြပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ရဲ့တောင်သူလယ်သမားကြီး တွေအနေနဲ့ ပိုးသတ်ဆေးတွေ၊ ဓါတုဆေးဝါးတွေကို မဖြစ်မနေလိုအပ်မှသာ ချင့်ချိန်သုံးစွဲကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ဆိုသည်။



ဇွန်လ ၂၈ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တောင်သူ လယ်သမားကြီးများ တွေ့ဆုံရာတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိအခြေအနေတွင် သီးနှံများကို တစ်ကမ္ဘာလုံးနှင့် နှိုင်းယှဉ်ပြီး တင်ပို့ရောင်းချနေရသောကြောင့် သတ်မှတ်ထားသည့် စံနှုန်းများဖြင့် မကိုက်ညီပါက ဈေးကွက်၌ ယှဉ်ပြိုင်ရန် ခက်ခဲသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျွန်မတို့ စားသုံးသူတွေရဲ့ မျှော်မှန်းချက်၊ စားသုံးသူတွေရဲ့ ကျန်းမာရေးကိုလည်း ထုတ်လုပ်သူဖြစ်တဲ့ ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီးတွေက တာဝန်ယူ၊ တာဝန်ခံပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်သူလယ်သမားကြီးများ၏ တွေ့ဆုံပွဲတွင် တောင်သူများမှ စိုက်ပျိုးစရိတ် ချေးငွေကိစ္စ၊ အခြေခံစပါးဈေးနှုန်းကိစ္စများ တင်ပြခဲ့ကြပြီးနောက် သက်ဆိုင်ရာဝန်ကြီးများက တင်ပြချက်များအား ပြန်လည်ဆွေးနွေးခဲ့သည်။

ယင်းတွေ့ဆုံပွဲကို ဒေသခံတောင်သူလယ်သမားများ အပါအဝင် စုစုပေါင်း လူ ၂,၄၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment