Saturday, June 29, 2019

လွန်ခဲ့သော နှစ်ပေါင်း ၃၀ က သေနတ်ဖြင့် ချိန်ရွယ်ခံရဖူးသည့်နေရာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည့်အစီအစဉ် ပျက်ပြယ်ခဲ့

တပ်မတော်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်က ဧရာဝတီတိုင်း ပါတီစည်းရုံးရေးခရီးစဉ်အတွင်း အသက်အန္တရာယ်ခြိမ်းခြောက်ခံခဲ့ရ သည့် ဓနုဖြူမြို့ရှိနေရာတစ်ခု၌ ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ မိန့်ခွန်းပြောကြားရန် ဒေသခံများက စီစဉ်ထားသော်လည်း ယမန်နေ့က အဆိုပါဒေသသို့ ရောက်ရှိလာချိန်တွင် မပြုလုပ်ဖြစ်ပေ။ လက်ရှိတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူ ထားသူ ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ဓနုဖြူမြို့၌ ဒေသခံ တောင်သူလယ်သမားများနှင့် တွေ့ဆုံပြီးနောက် မဟာဗန္ဓုလလမ်း၊ ရတနာသီရိလမ်းနှင့် ဘုရားလမ်းတို့ ဆုံရာနေရာတွင် ပြည်သူလူထုအား အမှတ်တရမိန့်ခွန်းပြောပေးရန် ဒေသခံနှင့် ဒီချုပ်ပါတီဝင်အချို့က စီစဉ်ထားခြင်းဖြစ်သည်။


‘‘၁၅ မိနစ်လောက်ပြောဖို့ ရည်ရွယ်ချက်ရှိတယ်’’ဟု ဓနုဖြူ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်  စားလှယ် ဦးတင်လှက ပြောသည်။ဆက်လက်၍ ‘‘ပါတီအနေနဲ့လည်း ပြောဖို့ တောင်းဆိုထားတယ်’’ ဟု ၎င်းက ဆိုသည်။

၁၉၈၉  ဧပြီ ၅ ရက်၌ ဓနုဖြူမြို့၏ အထက်ပါလမ်းသုံးခွဆုံရာ နေရာသို့ ထိုစဉ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး တာဝန်ယူထားသူ ဒေါ်အောင်ဆန်းစုကြည် ပါတီ စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိလာစဉ် တပ်မတော်သားအချို့ ၏ သေနတ်ဖြင့် ချိန်ရွယ်တားမြစ် မှုကို ကြုံခဲ့ရခြင်းဖြစ်သည်။

ယမန်နေ့က လာရောက် သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အဆိုပါနေရာတွင် အမှတ်တရမိန့်ခွန်း ပြောကြားနိုင် ရန် စင်မြင့်တစ်ခု စီစဉ်ထားပြီး မြို့ခံ ၂၀၀ ခန့်လာရောက်စောင့် ဆိုင်းခဲ့သော်လည်း ယင်းနေရာ ကို ဖြတ်သန်းချိန်၌ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယာဉ်ပေါ်မှသာ ပြည်သူ များကို နှုတ်ဆက်ခဲ့သည်။

‘‘ကျန်းမာရေးမကောင်းလို့ မိန့်ခွန်းမပြောတာဖြစ်တယ်။ ပြောဖို့စီစဉ်ထားပြီးမှ မပြောတာ  အ ကြောင်းတစ်ခုခု ရှိလို့ပေါ့။ အမေစုကတော့ ပြောချင်မှာပဲ’’ဟု ဓနုဖြူ မြို့ခံတစ်ဦးက ပြောသည်။

ဓနုဖြူမြို့၌ ထိုသို့ စီစဉ်ထားခြင်းနှင့် ပတ်သက်၍ ဒီချုပ်ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေး မှူး မုံရွာအောင်ရှင်က ‘‘အခုလို နှစ်ပေါင်း (၃၀)ကျော်ကြာလာတဲ့  အခါ၊ အခုလိုကြုံဆုံလာတဲ့အခါ သမိုင်းကို မမေ့အောင်လုပ်တဲ့ သဘောပဲ။ ဒါဟာ ပြန်ပြီးလက်စား ချေဖို့လုပ်တာမဟုတ်ဘူး။ အဲဒါပါပဲ။ ပြည်သူလူထုသိအောင်လုပ်တဲ့ အထိမ်းအမှတ်ပဲ’’ဟု မှတ်ချက်ပြု သည်။

သို့သော် ၁၉၈၉ ဓနုဖြူမြို့ ဖြစ်စဉ်သည် ပြည်သူများ လေးလေးနက်နက်ရှိရမည့်အရာဖြစ် ပြီး အဆိုပါ လမ်းဆုံသည် စစ်အာ ဏာရှင်စနစ်၏ စရိုက်လက္ခဏာ၊ ပကတိသရုပ်ကို ပေါ်လွင်စေခဲ့ သည့်နေရာဖြစ်ကြောင်း မုံရွာ အောင်ရှင်က ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးတင်လှက ‘‘ဒီနေရာက ဓနုဖြူရဲ့သမိုင်း၊ NLD ရဲ့သမိုင်း၊ဒေါ်အောင်ဆန်းစုကြည်ရဲ့သမိုင်း မှာ အမှတ်တရအဖြစ် မြို့ခံတွေရဲ့ရင်ထဲမှာရှိနေတာပေါ့။ ရှိတယ်ဆို တာ စိတ်မကောင်းဖြစ်ခြင်းပါ။ ကလဲ့စားချေဖို့ စိတ်တွေ၊ မုန်းတီးစိတ်တွေ  မဟုတ်ပါဘူး။ စိတ်ထဲ မှာ နာကျင်မှုတစ်ခုအဖြစ် စွဲသွား တာပေါ့’’ဟု ပြောသည်။

ဇွန်လ ၂၈ ရက်တွင် ဓနုဖြူမြို့သို့ သွားရောက်သည့် ခရီးစဉ်အတွင်း တောင်သူလယ်သမားများ နှင့် တွေ့ဆုံစဉ် မိန့်ခွန်းပြောကြား ရာ၌ ဒေါ်အောင်ဆန်းစုကြည်၏ အသံ တိမ်နေသလိုဖြစ်နေပြီး အားထည့်ပြောဆိုနေသည့် ဟန်ပေါ် နေကြောင်း၊ တွေ့ဆုံပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာလာချိန်တွင် မိုးအနည်း ငယ်ရွာနေကြောင်း အဆိုပါဒေသသို့ သွားရောက်သတင်းယူနေ သည့် 7 Day Daily သတင်း ထောက်များ တွေ့မြင်ခဲ့ရသည်။ ထိုသို့ မိန့်ခွန်းပြောမည့် အစီ အစဉ်ပျက်ပြယ်မှုနှင့် စပ်လျဉ်း၍ အစိုးရတာဝန်ရှိသူများထံမှ မှတ်ချက်တစ်စုံတစ်ရာ တောင်းခံရရှိ ခြင်းမရှိသေးပေ။

No comments:

Post a Comment