Saturday, June 29, 2019

အလင်္ကာမြောက် အသံများ

(၁) ‘‘ကျွီ....အီ....ဂီ....၀ီ... (×××)အသံမှ အသံလွှင့်နေပါ ပြီ’’
‘‘မိန်းမရာ ခေတ်ပြောင်းသွား ပြီကွ။ ဒီရေဒီယိုကြီးကို မင်း ခိုး ကြောင် ခိုးဝှက်နားထောင်မနေပါ နဲ့ကွာ။ သစ်ပင်တွေမှာ မျက်စိရှိ တယ်။ နံရံတွေမှာ နားရှိတယ်တဲ့ ကွ။ မင်းနားထောင်တဲ့ သတင်း တွေ၊ မင်းကြားနေကျအတင်းတွေ ကလည်း ကောလာဟလတွေ၊ မုသားအလိမ်အညာတွေပါကွာ။ မင်း ဒီလိုသတင်းနားထောင်တာ ကို သူတို့သိသွားကြရင် တို့မိသား စု ဒုက္ခလှလှတွေ့ရနိုင်တယ်ကွ’’



ရေဒီယိုကို နားကပ်ထောင် နေတဲ့ ဆရာကြီးကတော်က ဆတ်ခနဲ ရေဒီယိုကိုပိတ်ကာ သူ့ လင်တော်မောင် ကျောင်းအုပ် ဆရာကြီးဦးဘစိန်ကို မျက်လုံး ပြူးကြည့်လိုက်တယ်။

‘‘ရှင်လည်း အရင်က ဒီလိုပဲ နားထောင်ခဲ့တာလေ။ ကျွန်မတို့ လည်း ရှင့်လိုပဲသတင်းတွေ သိ ချင်စိတ်၊ ပြောချင်စိတ်တွေရှိလို့ နားထောင်နေကြတာပဲ။ ဘာ... ခုမှ...။ ဒီမယ်ရှင့် သတင်းတိုင်း၊ ကောလာဟလတိုင်းဟာ အမှန် မဟုတ်သလို အားလုံးကလည်း အမှားချည်း မဟုတ်ပါဘူး။ သတင်းတွေကို အမြဲမပြတ်နား ထောင်ပြီး စိစစ်ခွဲခြားတတ်ရင် သတင်းမှန်တွေ ရနိုင်တယ်ရှင့်။ သတင်းငတ်နေကြသူတွေက တော့ ရရာသတင်းစုကြမှာပဲ။ ရှင် သာ ၀န်ထမ်းဖြစ်နေလို့ နီးရာဓား ကို ကြောက်နေရတာ’’

‘‘မင်းကွာ...မင်း အပြောရ ခက်လိုက်တာ။ အေးအေးဆေး ဆေးသာ နေစမ်းပါကွာ’’

(၂)

အထက်တန်းကျောင်းအုပ် ဆရာကြီးဦးဘစိန် သူ့ရုံးခန်းတွင်း ထိုင်ခုံပေါ်ထိုင်လျက်၊ စားပွဲပေါ် တံတောင်ထောက်၊ လက်ဖ၀ါး တွေပေါ် မေးတင်ပြီး ပြတင်း ပေါက်အပြင်ဘက်ကို ငူငိုင်ငေးကာ ကြည့်နေမိတယ်။ ညတိုင်းလည်း အိပ်ရေးမ၀၊ စိတ်ဖိစီးတဲ့သောကတွေကြောင့် အတွေးတွေထွေပြားကာ အိပ်မပျော်ညတာရှည်ခဲ့တာကြာလှပြီ။ အခုကျောင်းတက်ဖို့ ၃၀ မိနစ်လိုသေးတယ်။ သူကကျောင်းကို နှစ်နာရီလောက်စောစောလာဖြစ်ခဲ့တာ ခြောက်လ တောင်ရှိပြီပဲ။ အခုအချိန်က ဟို တစ်ချိန်နဲ့ မတူတော့ပြီ။ အရင်က ကျောင်းချိန်မမီလည်း အရေး မကြီးလှ။ သူမရှိလည်း ဖြစ်ခဲ့၊ အနေချောင်ခဲ့လို့ စိတ်အေးလက် အေးနေနိုင်ခဲ့တယ်။ အခုတော့ မောင်မင်းကြီးသားတို့ရဲ့ အထက် အမိန့်တွေက သူ့အသက်ရှူသံလို၊ အရိပ်လို အမြဲခြောက်လှန့်နေတာ ကိုး။ သူကျောင်းဝင်းထဲ တစ်ပတ် ပတ်ပြီးပြီ။ စာသင်ခန်းတိုင်းရဲ့ ထူးခြားချက်ကို ရှာကြည့်ခဲ့ပြီ။ စောစောရောက်နေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း အကဲ ခတ်ခဲ့ပြီးပြီ။ ထူးခြားချက်မတွေ့ ရ။ သူတွေးရင်းနဲ့ ‘ကမ်းနားသစ် ပင်ဘ၀’ ရောက်နေတဲ့သူ့တကယ့် အမှုထမ်းဘ၀ကို အလန့်တကြား သတိထားလိုက်မိတော့တယ်။

အာဏာသိမ်းစစ်အစိုးရ စတက်ချိန်က ၀န်ထမ်းတွေကို ချည်ပြီးတုပ်ပြီး မေးခွန်း ၃၃ ချက် ကို ရေးဖြေပြီးလက်မှတ်ထိုးစေခဲ့ တယ်။ ငြိမ်ဝပ်ပိပြားနေအောင် အုပ်ချုပ်ခံကြရတယ်။ ၈၈ ခုနှစ် က လှည်းနေ လှေအောင်း မြင်း စောင်းမကျန် အာပေါင်အာရင်း သန်သန်အော်ဟစ်တိုက်ထုတ်ခဲ့ တဲ့အသံတွေလည်း တိတ်ဆိတ် ငြိမ်သက်နေပုံများ မီးကိုရေနဲ့ငြှိမ်း ရင်တောင် ‘ရှဲခနဲ’အသံထွက်ဦး မယ်။ အခုများ အသံတွေတိတ် ငြိမ်းကာ နေကြရပြီ။ ရုံးတွေ၊ ကျောင်းတွေဌာနစုံနားရွက်ကုပ် နေကြရပေါ့။ အုပ်ချုပ်သူရုံးဌာန၊ အကြီးအကဲတွေ ခေါင်းကျိန်း၊ ခေါင်းခဲကြရတဲ့ကာလ။ ဌာနဆိုင် ရာတာဝန်ခံတွေ၊ ကျောင်းမှာဆို ကျောင်းအုပ်ကြီးတွေက ကိုယ့် လူ၊ ကိုယ့်တပည့်တွေကို နိုင် အောင်ထိန်းကြ၊ ဘာသံမှမကြား ချင်ဘူး။ လုပ်နိုင်အောင်လုပ်ကြ။ မလုပ်နိုင်ရင် ထွက်တဲ့။ မထွက်နိုင် မှန်းသိသိနဲ့ အညှာကိုင်ခြိမ်း ခြောက်တာခံကြရတယ်။ တာဝန် ခံတွေ၊ ကျောင်းအုပ်ကြီးတွေ လည်း အခုတော့ထောက်လှမ်း သူ၊ စုံစမ်းရသူတွေဖြစ်လာကာ အချင်းချင်းမယုံကြည်နိုင်အောင်သံသယမျက်လုံးတွေနဲ့ ဒေါက် ထောက်ကြည့်ကြရတဲ့အချိန်။

ငါးကြင်းဆီနဲ့ ငါးကြင်း ကြော်သလို ထိန်းသိမ်းအုပ်ချုပ် နေတဲ့ သဘောလို့ သူတွေးနေမိ တယ်။ ခေတ်ကာလမရွေးအမြဲ တမ်းရှိတတ်တဲ့ အလိုတော်ရိများ ရဲ့ရန်ကလည်း ကြောက်ရသေး ရဲ့။ မိမိအမှားတစ်ခုခုကိုများ ပုံ ကြီးချဲ့ကူး အထူးတိုင်ကြားခံရရင် ပစ်စာ၊ တိုင်စာတွေ တိတ်တိတ်ပို့ ခံရပါက ဘ၀ပျက်ရချည့်။ ၀န် ထမ်းဆိုတာ လုပ်သက် ၁၀ နှစ် လောက်ရှိလာရင် အလုပ်ပြောင်း ဖို့၊ ၀န်ထမ်းဘ၀ကထွက်ဖို့မစွန့် စားရဲကြ။ အလုပ်ပြုတ်ပါက သဲပူ ပေါ်ပစ်တင်ခံရတဲ့ ငါးလိုဖျပ် ဖျပ်လူးခံစားရမည်ကို တွေး ကြောက်ကြသူများသာ။ အား သွန်ခွန်စိုက် လှုပ်ရှားခဲ့ကြသူများ ကတော့ လွတ်ရာလွတ်ကြောင်း ပြေးကြပြီ။ လိုက်သူများကလည်း လိုက်ကြသလို ‘ရာဇဝတ်ဘေး ပြေးမလွတ်ပါဘူး’လို့ ဆီသည်မ လက်နှီးစုတ်လို ဆိုရိုးစကားတွေ လက်စွဲထားကြတယ်။ ပြေးကြသူ များကလည်း ‘နိုင်ငံအတွက် သမိုင်းပေးတာဝန်ကို ပခုံးထမ်းခဲ့ တာပဲ၊ ရာဇဝတ်ချည်တိုင်ပြေးနိုင် ရင်လွတ်တယ်’လို့ ယုံကြည်ချက်နဲ့  ပြေးကြတယ်။ တောထဲရောက်သူ ရောက်၊ နယ်စိမ်းနိုင်ငံနဲ့ အာဏာ စက်လက်တံလွတ်ရာ နယ်စပ် တွေ ရောက်လိုရောက်ပေါ့။ ဝန် ထမ်းများကတော့ ကုပ်ပေါ်ဓားဝဲ မလွှဲသာ၊ မရှောင်သာ ကျောင်း အုပ်ကြီးဦးဘစိန်တို့လို ‘ပိုနေမြဲ ကျားနေမြဲ’ လုပ်နေကြရဆဲ။

( ၃ )

ဦးဘစိန် တွေးဆဲ၊ ငေးဆဲ အသံတစ်သံကို ထိတ်ခနဲကြား လိုက်ရတယ်။ ဒီအသံက သူ့တစ် ကိုယ်လုံးဆတ်ခနဲ တုန်တက်သွား စေတယ်။ သူ့ခေါင်းလည်း အဆ မတန်ကြီးသွားတယ်။ သူအစိုးရိမ် ဆုံးအသံပဲ။ ငြိမ်ဝပ်ပိပြားနေရ မည့် ဒီအချိန်မှာ ဒီအသံဟာ ကြောက်စရာကောင်းလှပါဘိ။ သူ့ထမင်းအိုး ကွဲပြီထင်ရဲ့။

‘‘ဒို့အရေး...ဒို့အရေး’’

‘‘ဒို့အရေး...ဒို့အရေး’’

‘‘ဒို့အရေး...ဒို့အရေး’’

ဦးဘစိန်ရဲ့ ကျောင်းအပေါ် ထပ် ပြတင်းပေါက်ကနေမြင်ကွင်း က သွေးပျက်စရာအခြေအနေပဲ။ သူဆတ်ခနဲ ထကာ တဒုန်းဒုန်းနဲ့ ကျောင်းအောက် ပြေးဆင်းတယ်။ လှေကားထစ်တွေ ဘယ်နှထစ် ကျော်ခဲ့တာ မသိလိုက်တော့။ ကျောင်းဂိတ်တံခါးဝ ဘယ်ပုံ ဘယ်နည်းရောက်လာတာလည်း  သူမသိတော့။

မြင်ကွင်းက အခုမှ ပိုရှင်း လင်းပြတ်သားလာတယ်။ သူ့တစ် ကိုယ်လုံး ချွေးတွေရွှဲနေသလို သူ့ မျက်နှာလည်း နီရဲနေပေလိမ့် မည်။ ရှည်တဲ့ သူ့အရပ်က ရှေ့ ဘက် ကိုင်းနေပြီ။ သူ့စိတ်လော နေတာကို သူ့ခြေထောက်က မလိုက်နိုင်။ ဟော...သူမြင်ရတာ က မယုံကြည်နိုင်စရာ။ အဖြူ၊ အစိမ်းဝတ် ကျောင်းသားရှစ် ယောက်။ မူလတန်းအရွယ်လည်း မက အထက်တန်းအရွယ်လည်း မကျ အလယ်တန်းကျောင်းသား အရွယ်တွေပဲ။ ကျောင်းရှေ့ ဂိတ် တံခါးမကြီးတည့်တည့် ကတ္တရာ လမ်းမတစ်ဖက်ခြမ်းမှာ လေး ယောက်၊ နှစ်တန်းစီကာ သံပြိုင် အော်နေကြတာ  သူ့ကျောင်းသား တွေဆိုတာ ယုံကြည်မိချိန်၊ ကျောင်းအုပ်ကြီးဦးဘစိန်မျက်စိ တွေ ပြာသွားတယ်။ ဘုရား... ဘုရား သူအလုပ်ပြုတ်တော့မယ်။ ထမင်းအိုးကွဲရုံမက ငါးပိကြော်ပါ  စားရကိန်းပေပဲ။

( ၄ )

‘‘မင်းတို့ ဘာလုပ်ကြတာလဲ ကွ၊ ဟေ့ ပြောစမ်း’’

ဟိန်းထွက်သွားတဲ့ သူ့အသံ ကြောင့် ကျောင်သားတွေ ချာခနဲ  သူ့ဘက်မျက်နှာမူလာကြတယ်။ လူငယ်ပီပီ ကြည်လင်တဲ့ မျက် နှာလေးများနဲ့ သူ့ကို ကြည့်နေကြ တယ်။

‘‘မင်းတို့ ဘာလို့အော်ဟစ် နေကြတာလဲ။ မင်းတို့ ဘယ်အ တန်းကလဲကွ’’

နီညို့မည်းရှုံ့မျက်နှာနဲ့ သူ အော်မေးတာကို ကျောင်းသား တွေက အေးအေးဆေးဆေးပဲဖြေ ကြတယ်။

‘‘ကျွန်တော်တို့ ဒီဆိုင်းဘုတ် စိမ်းကြီးကို ဖတ်နေကြတာပါ ဆရာကြီး’’

        သူတို့ လက်ညှိုးညွှန်ရာဆိုင်း ဘုတ် အသစ်စက်စက်ကြီးကို ကျောင်းအုပ်ကြီး ဦးဘစိန် အခုမှ  သတိထားမိတယ်။ ဌာနဆိုင်ရာ အဆောက်အအုံတွေနဲ့ လမ်းဆုံ တွေမှာ၊ ပုံနှိပ်စာအုပ်တိုင်းမှာ၊ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေရဲ့  အစပိုင်းမှာအမြဲတွေ့နေ၊ မြင်နေ ကျ ရိုးအီနေတဲ့ ဒီဆိုင်းဘုတ်ရဲ့ စာသားများ။

ကျောင်းသားတွေက  ဖတ် ကောင်းလို့အသံထွက်၊အော်ဟစ် ဖတ်မိပါကြောင်းမျက်နှာသေက လေးတွေနဲ့ ရှင်းပြတော့ သူသက် ပြင်း ဟင်းခနဲချလိုက်မိတယ်။

‘‘မင်းတို့ကဘယ်အတန်းက လဲ၊ ဘယ်ရွာကနေကျောင်းလာ တက်တာလဲကွ’’

‘‘ရှစ်တန်း(စီ)ခန်းကပါ။ ကျွန်တော်တို့ အားလုံးမြွေရွာ  ကပါ ဆရာကြီး’’
ဆရာကြီးဦးဘစိန်လည်းမြွေ တစ်ကောင်ရဲ့ မျက်လုံးတွေလို  သူ့မျက်နှာရှေ့ဘက်မျက်လုံးကြီး ပြူးထွက်ကာ ကျောင်းသားတွေ ကို ခပ်စိမ်းစိမ်းကြည့်နေမိတယ်။ 

No comments:

Post a Comment