Saturday, June 29, 2019

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဓနုဖြူမြို့ခရီးစဉ်တွင် မလက်တိုကျေးရွာများမှ မြေသိမ်းခံလယ်သမားများမှ မြေယာပြသနာများ ကူညီဖြေရှင်းပေးရန်နှင့် ကျောင်းသားအချို့မှ မောင်ထူးဝေယံ လွတ်မြောက်ရေးနှင့် ကိုထွန်းမြင့်ဝင်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒထုတ်ဖော်

ဧရာဝတီတိုင်းဒေသကြီး  ဓနုဖြူမြို့တွင် ဇွန် ၂၈ ရက်က ပြုလုပ်ခဲ့သော  တောင်သူလယ်သမားများတွေ့ဆုံပွဲသို့ တက်ရောက်လာခဲ့သည့် နိုင်ငံတော်၏အတိုပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မအူပင်မြို့နယ် မလက်တိုကျေးရွာမှ မြေသိမ်းခံလယ်သမားများမှ မြေယာပြသနာများ ကူညီဖြေရှင်းပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။ ထို့အတူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေရုံ စီမံကိန်း ပဋိပက္ခနှင့် ပက်သက်ပြီး ဖမ်းဆီးခံထားရသော ကိုးတန်းကျောင်းသား ကိုထူးဝေယံလွတ်မြောက်ရေးနှင့် အဆိုပါ ပဋိပက္ခနှင့် ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် အကျဉ်းထောင်အတွင်း အသက်ဆုံးပါးခဲ့သူ ကိုထွန်းမြင့်ဝင်း၏ အမှုအား အမှုမှန်ပေါ်ပေါက်ရေးအတွက် ဓနုဖြူမြို့နယ် ကျောင်းသားများ သမဂ္ဂမှ ကျောင်းသားအချို့က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။


တွေ့ဆုံပွဲပြုလုပ်မည့် ကဉ္စနကျွန်းသားကုမ္ပဏီပိုင် စပါးအခြောက်ခံစက်ဝန်းသို့ အသွားလမ်းခရီးတွင် ဒေသခံလူငယ် ၇ ဦးခန့်က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေရုံစီမံကိန်း ပဋိပက္ခနှင့်ပက်သက်ပြီး အဖမ်းဆီးခံထားရသော ကိုးတန်းကျောင်းသား ကိုထူးဝေယံလွတ်မြောက်ရေးနှင့် အဆိုပါပဋိပက္ခနှင့် ပက်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် အကျဉ်းထောင်အတွင်း အသက်ဆုံးပါးခဲ့သူ ကိုထွန်းမြင့်ဝင်း၏ ဖြစ်စဉ်အား အမှုမှန်ပေါ်ပေါက်ရေးအတွက် Free Ko Htoo Wai Yan၊ အိုးဘိုထောင်အတွင်း မတရားရိုက်နှက်ခံရ၍ သေဆုံးသွားသော လယ်သမား ကိုထွန်းမြင့်ဝင်း၊ မတရားဖမ်းနေမှု ချက်ခြင်းချက်စသည့် လက်ကိုင်ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း၊ ထို့အပြင် နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် တွေ့ဆုံပြုလုပ်ပြီးနောက် ပြန်လည်ထွက်ခွါလာသည့် လမ်းခရီးတွင် မအူပင်မြို့နယ်  မလက်တိုကျေးရွာမှ တောင်သူများက ယင်းတို့အား ငါးမွေးမြူရေးလုပ်ငန်းတစ်ခုအား လုပ်ဆောင်နေသည့် ကုမဏီတစ်ခုမှ တရားစွဲဆိုထားမှုများ မြေယာသိမ်းဆည်းခံထားရမှုများနှင့် ပက်သက်၍ ကူညီဖြေရှင်းဆောင်ရွက်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မအူပင်မြို့နယ်ခရီးစဉ်တွင် တင်ပြခဲ့သည့် တောင်သူတစ်ဦးအား ကုမ္မဏီမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ လိမ်လည်တင်ပြသည်ဟုဆိုကာ တရားစွဲဆိုထားမှုကို ကူညီဆောင်ရွက်ပေးပါရန် ဆန္ဒထုတ်ဖော်တောင်းဆိုမှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။ “အမေလာတဲ့အချိန်မှာ ကျွန်မတို့ ဖြစ်ရပ်တွေကို ထပ်မံတင်ပြချင်လို့ ဒီကိုလာခဲ့တာပါ၊ ဒါပေမဲ့ အမေနဲ့ တွေ့ဆုံခွင့်မရခဲ့ဘူး စာတော့တင်ခွင့်ရခဲ့ပါတယ်၊ ကျွန်မတို့ဘဝကို နိုင်ငံတော်အကြီးအကဲပိုင်းတွေ သမ္မတကြီးတို့တွေကအစ သိစေချင်ပါတယ်ပေါ့နော်၊ ကျွန်မတို့မှာ အခုဆိုလို့ရှိရင် အမှုတွေလည်း ဆွဲထားတယ်၊ ထောင်တွေလည်းကျနေတယ် အမှုဆွဲထားတာလည်း လူကိုမနည်းဘူး၊ အခုနောက်ထပ်ကိုလည်း နိုင် ၁ဝနဲ့ ဆွဲထားတာ တစ်ယောက်က ဆွဲဆွဲခြင်း ထောင်ထဲရောက် နောက်တစ်ယောက်ကိုလည်း ထပ်ပြီးတော့ ဦးမြင့်စိန်ကနေပြီးတော့ အမေနဲ့ ဒီကိစ္စတွေက မမှန်ပါဘူးလို့ ပြောတာကို ဂုဏ်သိက္ခာညိုနွမ်းပါတယ်ဆိုပြီးတော့ ဦးမြင့်စိန်ကနေ ထပ်ပြီးတော့ နိုင် (၁၀)နဲ့စွဲခဲ့ပါတယ်၊ ဒါအမေ့ကို တင်ပြခဲ့တာပါ၊ အခု အမေလာတဲ့အခါမှာ ထပ်မံပြီးတော့ အမေ့ကိုပြောပြချင်လို့လာခဲ့ပါတယ် ဒါပေမဲ့စကားပြောခွင့်မရခဲ့ပါဘူး စာတော့တင်ခွင့်ရခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က ဒီအထက်လူကြီးတွေ အားလုံးကို သိစေချင်တယ် ကျွန်မတို့ မြို့နယ် မဖြေရှင်းပေးတာတွေရယ် တိုင်းအစိုးရ ဘာ့ကြောင့် မဖြေရှင်းပေးတာလည်းဆိုတွေကို အထက်လူကြီးတွေအားလုံးကို သိစေချင်ပါတယ်၊ အားလုံးကနေ ကျွန်မတို့ကို ကူညီဖြေရှင်းပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ဆန္ဒပြုတောင်းဆိုရာတွင် ပါဝင်ခဲ့သူ မအူပင်မြို့နယ် မလက်တိုကျေးရွာမှ တောင်သူ ဒေါ်ပြုံးစိန်က ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဓနုဖြူမြို့နယ်ခရီးစဉ်တွင် ကြိုတင်ဖိတ်ကြားထားသည့် တောင်သူများမှာ ခန်းမအတွင်းသို့ ဝင်ရောက်ခွင့်ရရှိခဲ့ပြီး ကြိုတင်ပေးပို့ထားခဲ့သည့် မေးခွန်းများကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးများနှင့် တိုင်းဒေသကြီး ဒေသကြီးဝန်ကြီးချုပ်တို့မှ ပြန်လည်ဖြေကြားပေးခဲ့ပြီး ပြည်သူများ၏ တင်ပြတိုင်ကြားစာပေါင်း ၁၁၉ စောင်ထိ လက်ခံရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment