Saturday, June 29, 2019

မုံရွာကလေးဆေးရုံတွင် တုပ်ကွေးလူနာ(၂၀၀)ဝန်းကျင်ထိရှိလာ

မုံရွာကလေးဆေးရုံကို တုပ်ကွေးဖြစ်ပြီးရောက်လာတဲ့လူနာတွေဟာ အခုနှစ် နှစ်စကနေလက်ရှိအချိန်ထိ အယောက်(၂၀၀)ဝန်းကျင်ခန့်ရှိနေပြီး အများစုက သွေးလွန်အဆင့်မဟုတ်ဘဲရိုးရိုးတုပ်ကွေးသာဖြစ်တယ်လို့ သိရပါတယ်။ နှစ်စဉ်ဖြစ်လေ့ဖြစ်ထရှိတဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး “ တုပ်ကွေးရောဂါက နှစ်စဉ်ဖြစ်နေတာပဲလေ။



ဒီနှစ်အနေနဲ့ကတော့ နှစ်စကနေစပြီးတော့ ဒီနေ့အထိတုပ်ကွေး လူနာ(၁၉၀)၊ (၂၀၀) နီးပါး လောက်အထိခန့်မှန်းခြေရှိသွားပြီ၊ အဲဒီထဲမှာလည်း သွေးလွန်ရယ်လို့ မဟုတ်ဘူး။ သွေးလွန်ဆိုတာက သွေးလွန် အဆင့်ရောက်တဲ့သူ။ သွေးလွန်မဟုတ်ဘဲရိုးရိုးတုပ်ကွေးအဆင့်နဲ့ တက်လာတဲ့ ကလေးအများစုလည်းပါတယ်” လို့ မုံရွာမြို့ ကုတင် (၂၀၀) ဆံ့ အမျိုးသမီးသားဖွားမီးယပ်နှင့်ကလေးဆေးရုံက ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်သိန်းကပြောပါတယ်။

ခြင်ကတစ်ဆင့်ကူးစက်တတ်တဲ့ တုပ်ကွေးရောဂါဟာ တစ်နှစ်ပတ်လုံးဖြစ်တတ်ပေမယ့် အခုလိုရာသီဥတုမျိုးမှာ ခြင်ပေါက်ဖွားနှုန်းများတာကြောင့် တုပ်ကွေးလူနာပိုများလေ့ရှိတယ်လို့လည်းသိရပါတယ်။မုံရွာကလေးဆေးရုံကို ရောက်လာကြတဲ့ တုပ်ကွေးလူနာအများစုမှာ သွေးလွန်တုပ်ကွေးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးသယ်ဆောင်လာတဲ့ ခြင်ကိုက်ခံရပြီးဖျားကြတာလို့သိရပါတယ်။ သွေးလွန်အဆင့်နဲ့ပတ်သက်ပြီးတော့လည်း “ သွေးလွန်အဆင့်ထိ ရောက်သွားတဲ့သူတွေကိုတော့ အဆင့် ၁၊၂၊၃၊၄ ဆိုပြီးခွဲထားပါတယ်။ အဲဒီထဲမှာမှ (၂)နဲ့လာတာတွေလည်း ရှိတယ်။ (၃)/(၄)လောက်နဲ့ လာတာတွေလည်းရှိတယ်။ (၄)နဲ့လာတာဆိုရင်တော်တော် နောက်ကျသွားပြီပေါ့။ အဆင့်(၄)ထိရောက်သွားပြီဆိုရင်တော့ ပြင်းထန်မှုတွေ ပိုဖြစ်တယ်။ အသက်အန္တရာယ် ဆုံးရှုံးနိုင်ခြေလည်း ပိုများတယ်” လို့ ဒေါက်တာ ဒေါ်မြင့်မြင့်သိန်းကပြောပါတယ်။

မုံရွာမြို့ကလေးဆေးရုံကိုတက်ရောက်လာကြတဲ့ တုပ်ကွေးလူနာအများစုမှာ အသက်(၆)လ ကနေ(၁၂ )နှစ်ဝန်း ကျင်ရှိတဲ့ ကလေးတွေဖြစ်ပြီး (၁၀)နှစ်ဝန်းကျင်ကလေးတွေကအများဆုံးဖြစ်တယ်လို့သိရပါတယ်။ အခုနှစ်ဖြစ်တဲ့ တုပ်ကွေးလူနာတွေထဲမှာ (၆)လအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တဲ့အတွက် ကလေးငယ်တွေကို ခြင်ကိုက်မခံရအောင် အထူးဂရုစိုက်ကြဖို့လိုအပ်တယ်ပါတယ်။

No comments:

Post a Comment