Saturday, June 29, 2019

ဆီးဂိမ်းနှင့် နိုင်ငံတကာပြိုင်ပွဲများအတွက် အလေးမ လူရွေးပွဲကျင်းပ

မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်သည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဖိလစ်ပိုင်နိုင်ငံ၌ အကြိမ် ၃၀ မြောက်အဖြစ်ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက် လူရွေးချယ်ပွဲကို ဇွန် ၂၆ ရက်က အောင်ဆန်းအားကစားပြိုင်ဝင်း အတွင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။



စုစုပေါင်းစံချိန်

အဆိုပါလူရွေးပွဲတွင် အမျိုးသား ၆၁ ကီလိုတန်း၌ သီဟအောင် (ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)သည် အမြန်မ၌ ၁၁၃ ကီလို၊ နှစ်ဆင့်မ၌ ၁၄၁ ကီလို မနိုင်ခဲ့ပြီး စုစုပေါင်းစံချိန် ၂၅၄ ကီလို မနိုင်ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနကစားသမား ပြည့်ဖြိုးမှာ အမြန်မ၌ သုံးကြိမ်စလုံး မအောင်မြင်ခဲ့ပေ။ ၆၇ကီလိုတန်း၌ ကောင်းဆက်နိုင် (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)မှာ အမြန်မ ၁၂၀ ကီလို၊ နှစ်ဆင့်မ ၁၅၁ ကီလိုဖြင့် စုစုပေါင်း ၂၇၁ ကီလိုစံချိန် မနိုင်ခဲ့သည်။

၇၃ကီလိုတန်း၌ ကျော်မိုးဝင်း (ကျန်း/အား)သည် စုစုပေါင်းစံချိန် ၂၉၈ (၁၃၃+၁၆၅) မနိုင်ခဲ့ပြီး ဝင်းသော် (ကျန်း/အား)က စုစုပေါင်းစံချိန် ၂၇၈ ကီလို (၁၂၅+၁၅၃)၊ ဝေယံဖြိုး (အဖွဲ့ချုပ်)က ၁၂၈ ကီလို (၁၂၈+-) မနိုင်ခဲ့သည်။ ၈၁ကီလိုတန်း၌ ရဲရင့်နိုင် (ကျန်း/အား)မှာ အမြန်မ ၁၃၂ ကီလို၊ နှစ်ဆင့်မ ၁၅၈ ကီလိုဖြင့် စုစုပေါင်း ၂၉၀ ကီလိုစံချိန် မနိုင်ခဲ့သည်။

စံချိန်သစ်တင်

၈၉ကီလိုတန်း၌ ဝင်းနိုင်ထွန်းမှာ အမြန်မ၌ ၁၄၅ ကီလို၊ နှစ်ဆင့်မ၌ ၁၇၁ ကီလိုမပြီး စုစုပေါင်း စံချိန် ၃၁၆ ကီလို မနိုင်ခဲ့သည်။ ဝင်းနိုင်ထွန်း၏ ယင်းစံချိန်များသည် ၈၉ ကီလိုတန်း၏ မြန်မာပြည်စံချိန်သစ်များ ဖြစ်သည်ဟု သိရသည်။

+ ၁ဝ၉ ကီလိုတန်း၌ အဖွဲ့ချုပ်ကစားသမား ရန်မျိုးကျော်မှာ အမြန်မ သုံးကြိမ်စလုံး မအောင်မြင်ခဲ့သော်လည်း နှစ်ဆင့်မ၌ ၁၈၀ ကီလို မနိုင်ခဲ့သည်။ မြန်မာပြည် နှစ်ဆင့်မ သတ်မှတ်စံချိန်မှာ ၁၇၅ ကီလိုဖြစ်ရာ ရန်မျိုးကျော်က ၁၈၀ ကီလိုဖြင့် +၁၀၉ ကီလိုတန်း၌ မြန်မာပြည်စုစုပေါင်း စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးပွဲစဉ်

အမျိုးသမီးပွဲစဉ်များတွင် ၄၅ ကီလိုတန်း၊ ၄၉ ကီလိုတန်း၊ ၅၅ ကီလိုတန်း၊ ၅၉ ကီလိုတန်း၊ ၆၄ ကီလိုတန်း၊ ၇၁ ကီလိုတန်းနှင့် ၇၆ ကီလိုတန်းများ ပါဝင်ခဲ့ပြီး အမျိုးသမီးကစားသမား ၁၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းတို့အနက် ၄၅ ကီလိုတန်း၌ ဇင်မေဦးက စုစုပေါင်း စံချိန် ၁၇၄ ကီလို မနိုင်ခဲ့ပြီး ၄၉ ကီလိုတန်း၌ အေးမြတ်မွန်က ၁၇၃ ကီလို မနိုင်ခဲ့သည်၊

၅၉ ကီလိုတန်းလေးဦးတွင် သင်းသင်းစုက ၁၈၆ ကီလို၊ ဆုမြတ်မွန်က ၁၈၀ ကီလို၊ နော်တဘိုးရာက ၁၇၉ ကီလို မနိုင်ခဲ့ကြပြီး အိသန္တာမြင့်က ၁၆၀ ကီလိုသာ မနိုင်ခဲ့သည်။ ၆၄ ကီလိုတန်း၌ ဝေဝေလှိုင်က ၁၈၈ ကီလို၊ အေးငြိမ်းသူက ၁၆၅ ကီလို၊ မေလဲ့လဲ့ဝင်းလှိုင်က ၈၀ ကီလို အသီးသီး မနိုင်ခဲ့ကြသည်။

၇၁ ကီလိုတန်း၌ အေမီလွင်က ၁၉၀ ကီလို မနိုင်ခဲ့ပြီး ဇင်မာအေးက ၁၈၉ကီလို မနိုင်ခဲ့သည်။ ၇၆ ကီလိုတန်း၌မူ သင်းမြတ်နွယ်က အမြန်မ၌ ၈၀ ကီလို၊ နှစ်ဆင့်မ၌ ကီလို ၁၀၀ ဖြင့် စုစုပေါင်း ကီလို ၁၈၀ စံချိန် မနိုင်ခဲ့သည်။

No comments:

Post a Comment