Saturday, June 29, 2019

ချင်းမိုင်တွင် စားသောက်ဆိုင်အား သေနတ်ဖြင့်ပစ်ခဲ့သည့် ရွှေ့ပြောင်းလုပ်သားကို ထိုင်းရဲရှာဖွေ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဟန်ဒုံးမြို့နယ်ထဲမှာ ရဲစခန်းအနီးရှိ စားသောက်ဆိုင်တဆိုင်ကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁ ဦးကို ထိုင်းရဲက အပူတပြင်း ရှာဖွေနေပါတယ်။ ဟန်ဒုံးနယ်မြေခံရဲစခန်းအနီး စားသောက်ဆိုင်တဆိုင်ရှေ့မှာ ဇွန်လ ၂၇ ရက် နေ့ည ၁၁ နာရီအချိန်က လူတယောက် ဟိုင်းလပ်ကားနဲ့ ရောက်လာပြီး ပိတ်ထားတဲ့ ဆိုင်တံခါးကို သေနတ်နဲ့ ပစ်သွားခဲ့ကြောင်း၊ တံခါးရဲ့ညာဘက်မှာ ကျည်ပေါက်ရာ ၄ ချက် ၊ ဘယ်ဘက်မှာ ကျည်ပေါက်ရာ ၃ ချက် ထိသွားတဲ့အပြင် ဆိုင်ရှေ့က သောက်ရေသန့်အိုးကိုလည်း ထိမှန်သွားတယ်လို့ ဟန်ဒုံးနယ်မြေရဲစခန်း တာဝန်ကျရဲဝန်ထမ်းက သတင်းထောက်ကို ပြောပါတယ်။



အခင်းဖြစ်တဲ့နေ့က ဆိုင်ရှင်က ဆိုင်ရှေ့မှာ အသားကင်ရောင်းနေစဉ် လူတဦးက ဆိုင်ကယ်အသံ ကျယ်လောင်စွာ မောင်းနှင်လာတာကြောင့် ဆိုင်ရှင်ရဲ့ ညီဖြစ်သူက သွားပြောရာမှာ ဆိုင်ကယ်မောင်းသူနဲ့ အချင်းများပြီး ထိုးကြိတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဆိုင်ကယ်သမားက လမ်းကြားထဲဝင်သွားကြောင်း၊ ည ၁၁ နာရီ ဆိုင်ပိတ်သိမ်း ချိန်ရောက်တော့ အဆိုပါဆိုင်ကယ်သမားက အနက်ရောင်တိုယိုတာ ဟိုင်းလပ်စ်ကားနဲ့ နောက်တခေါက် ပြန်ရောက်လာကြောင်း၊ သူနဲ့ရန်ဖြစ်ခဲ့တဲ့ ညီဖြစ်သူကို မေးမြန်းကာ ဆိုင်တံခါးကို သေနတ်နဲ့ ပစ်ပြီး ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

သေနတ်နဲ့ ပစ်သွားသူမှာ ထိုင်းလူမျိုးမဟုတ်ဘဲ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတ ဦးဖြစ်ကြောင်း စုံစမ်းသိရပြီး သူ့ကိုဖမ်းဆီးရမိဖို့ အပူတပြင်းလိုက်လံရှာဖွေနေတယ်လို့ ရဲစခန်းက ပြောပါတယ်။

No comments:

Post a Comment