Saturday, June 29, 2019

နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) က ဆောင်ရွက်နေသော အခြားစီမံကိန်း လုပ်ငန်းများကို ပံ့ပိုးနိုင်ရန် အိပ်ခ်ျအိုင်ဗွီ တီဘီရောဂါ လူနာများအတွက် ကုသနေသော အင်းစိန်ဆေးခန်းကို ပိတ်သိမ်း

ပိတ်သိမ်းလိုက်ပြီ ဖြစ်သည့် MSF အဖွဲ့၏ အင်းစိန်ဆေးခန်းအား ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အိသဥ္ဇာကျော်)နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) မှ ဆောင်ရွက်နေသော အခြားစီမံကိန်း လုပ်ငန်းများကို ပံ့ပိုးနိုင်ရန် အိပ်ခ်ျအိုင်ဗွီ တီဘီရောဂါ လူနာများအတွက် ကုသနေသော အင်းစိန်ဆေးခန်းကို ဇွန်၂၇ ရက်က တရားဝင် ပိတ်သိမ်းခဲ့ပြီး ယင်းဆေးကုခန်းတွင် ကုသလျက်ရှိသော လူနာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ အမျိုးသား ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) အင်းစိန်ဆေးခန်းမှ ဆေးခန်းမန်နေဂျာ ဒေါက်တာမြသီတာက ပြောကြားသည်။

MSF အင်းစိန် ဆေးကုခန်းသည် လက်ရှိအချိန်တွင် အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်လူနာပေါင်း ၉၀ဝ၀ ကို ကုသပေးနိုင်ခဲ့ပြီး ယခုအခါ လူနာများကို အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်သို့ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ယင်းစီမံချက်သည် ၂၀၂၀ ပြည့်နှစ်မတိုင်မီ အေအာရ်တီဆေးဝါး လိုအပ်လျက်ရှိသော ပြည်သူများ၏ ၇၅ ရာခိုင်နှုန်းအထိ ဆေးကုသမှု လွှမ်းခြုံရရှိစေရန် ရည်မှန်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

“အင်းစိန် ဆေးခန်းက ၂၀၁၄ ခုနှစ်က စပြီးတော့ အိပ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ဆေးယဉ်ပါးတီဘီ ကုသရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာပါ။ ဒီဆေးခန်း မတိုင်မီ ဖော့ကန်မှာလည်း ဆေးခန်း တစ်ခုတော့ ရှိခဲ့တယ်။ ဆေးခန်းကို ပိတ်သိမ်းရတာက ၂၀၁၆ ခုနှစ်ကတည်းက MSF အနေနဲ့ Exit Plan ကို စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။၂၀၁၆ ခုနှစ် လလယ်လောက်က လုပ်ခဲ့တာ နှစ်ကုန်ပိုင်းလောက်မှာ အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်ကို လူနာတွေ တဖြည်းဖြည်း လွှဲပြောင်းခဲ့ပါတယ်။ အင်းစိန်ဆေးခန်းက ၂၀၁၄ ခုနှစ်မှာ လူနာ ၉၀ဝ၀ ကျော်လောက် ရှိရာကနေ ၆၀ဝ၀ ကျော်လောက်အထိ လွှဲပြီးပါပြီ။ ကျန်တဲ့ လူနာကတော့ ၃၀ဝ၀ ကျော်ကျော်လောက် ကျန်တယ်။ ဒီလူနာတွေကို သာကေတ ဆေးခန်းမှာဆက်ပြီး ဆေးကုသမှု လုပ်ပေးသွားမယ်။ ကျန်တဲ့ လူနာတွေကိုလည်း တဖြည်းဖြည်း အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်ကို လူနာတွေ တဖြည်းဖြည်း လွှဲပြောင်းပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု  ဆေးခန်းမန်နေဂျာ ဒေါက်တာ မြသီတာက ပြောကြားသည်။


နယ်စည်းမထား ဆရာဝန်များအဖွဲ့အနေဖြင့် ရန်ကုန်တွင် သာကေတနှင့် အင်းစိန်မြို့နယ်များတွင် အိပ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ဆေးယဉ်ပါး တီဘီလူနာများကို ကုသပေးနေသည့် ဆေးခန်းများ ဖွင့်လှစ်ကုသပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်က အိပ်ခ်ျအိုင်ဗွီ ကုသ စောင့်ရှောက်မှုများကို လူနာများစွာအတွက် ပိုမိုပေးအပ် လာနိုင်ပြီဖြစ်၍ အင်းစိန်ဆေးခန်းကို ပိတ်သိမ်းရခြင်းလည်း ဖြစ်ကြောင်း၊ လူနာများ၏ ၂၇ ရာခိုင်နှုန်းကို ရန်ကုန်ပြင်ပရှိ ဆေးခန်းအခွဲများသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်အကုန်တွင် ရှမ်း၊ ကချင်ပြည်နယ်ရှိ စီမံကိန်းများအား ပံ့ပိုးပေးနိုင်ရန် ရန်ကုန်ရှိ အိပ်ခ်ျအိုင်ဗွီ၊ တီဘီ ကုသပေးသော လုပ်ငန်းများအား ရပ်ဆိုင်းရန် စီစဉ်ထားကြောင်းလည်း သိရသည်။

“အခုလက်ရှိ ရန်ကုန်စီမံကိန်းမှာရှိတဲ့ လူနာတွေက လိုအပ်ချက်တွေ သိပ်မရှိတော့တဲ့အတွက် အခြားလိုအပ်တဲ့ နေရာဒေသတွေမှာ ပိုပြီး ပံ့ပိုးပေးချင်တဲ့အတွက် ရန်ကုန်စီမံကိန်းကို ရပ်တာပါ။ တခြားဒေသတွေမှာ လိုအပ်ချက်တွေ အရမ်းများနေတယ်။ ဒါတွေကို ထပ်ဆောင်း လုပ်ပေးချင်တဲ့အတွက်ရယ် မလိုတဲ့ နေရာမှာ လျှော့ပြီး လိုအပ်တဲ့ နေရာတွေမှာ ပြန်သုံးနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာပါ။ ဝန်ကြီးဌာနအနေနဲ့ တာဝန်ယူနိုင်တဲ့ အခြေအနေရှိရင် တခြားလိုအပ်ချက်များတဲ့ နေရာတွေကို ပြောင်းပြီး လုပ်ပေးချင်တဲ့ သဘောပါ” ဟုゞင်းက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်တွင် MSF ၌ လူနာအနည်းငယ်သာ ကျန်ရှိမည်ဖြစ်ရာ ゞင်းလူနာများ ရှိသော ရှမ်းပြည်နယ် မြောက်ပိုင်း စီမံကိန်းနှင့် ကချင်ပြည်နယ် စီမံကိန်းတို့သာ ဆက်လက် လည်ပတ်သွားရန် ရှိကြောင်းနှင့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) က ကုသပေးနေသော အိပ်ခ်ျအိုင်ဗွီ၊ တီဘီနှင့် အသည်းရောင်အသားဝါစီ လူနာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တဖြည်းဖြည်း လွှဲပြောင်းပေးနေပြီး လူနာပြုစုကုသ စောင့်ရှောက်ရေး၊ လွှဲပြောင်းရေး၊ ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ သက်တမ်းတိုး ဆောင်ရွက်ရေး ကိစ္စများနှင့် ပတ်သက်ပြီး ဇွန် ၂၁ ရက်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံ ဆွေးနွေးထားကြောင်း သိရသည်။

No comments:

Post a Comment