Saturday, June 29, 2019

တရုတ်နိုင်ငံတွင် မှို အဆိပ်သင့်သဖြင့် မန္တလေးဆေးရုံကြီး၌ တက်ရောက်ကုသနေသူ ခြောက်ဦးအနက် သုံးဦး ထပ်မံသေဆုံး

တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ် အတွင်းရှိ ကြံစိုက်ခင်းတစ်ခုတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသား (၇) ဦး သည် ကြံစိုက်ပျိုးသည့် စိုက်ပျိုးခြံအနီးတွင် ပေါက်ရောက်နေသည့် မှိုများအား စားသုံးမိရာမှ မှိုအဆိပ်သင့်မှု ဖြစ်ပွားခဲ့သဖြင့် တရုတ်နိုင်ငံမှ တဆင့် မူဆယ်မြို့သို့ပို့ဆောင်ပြီး ထိုမှတဆင့် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင် ကုသရာ မန္တလေးဆေးရုံကြီးတွင် ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းက သုံးဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။  အဆိုပါ မှို အဆိပ်သင့်မှု စတင်ဖြစ်ပွားသည့် ဇွန်လ ၂၀ ရက်နေ့မှစ၍ မှိုအဆိပ်သင့်သူများအား တရုတ် နိုင်ငံဆေးရုံတစ်ခုတွင် တက်ရောက်ကုသရာမှ ဇွန်လ ၂၆ ရက်နေ့တွင် မူဆယ်မြို့မှတဆင့် မန္တလေးဆေးရုံကြီးသို့ ကရုဏာလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ရာ နမ့်ဖတ်ကာ နှင့် ကွတ်ခိုင်မြို့ကြားရှိ ပန်ဂျလော့တွင် တစ်ဦးသေဆုံးခဲ့ကာ မန္တလေးဆေးရုံကြီးသို့ ခြောက်ဦး တက်ရောက်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။


မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသူ ခြောက်ဦးအနက် ဇွန်လ ၂၇ ရက်နေ့ ညနေ ၂ နာရီ အချိန်တွင် ကိုထွန်းလင်း၊  ၅ နာရီအချိန်တွင် မကေဇင်သွယ်၊ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ကိုစူပါတို့ (၃)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
“ မန္တလေးဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ခြောက်ဦးအနက် သုံးဦးက ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းမှာ သေဆုံးသွားပါတယ်။ သေဆုံးသွားသူတွေကို ကျွန်တော်တို့ မူဆယ် ကရုဏာလူမှုကူညီရေးအသင်းက မော်တော်ယာဉ်တွေနဲ့ သူတို့နေရပ်ဇာတိကို ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။မှို အဆိပ်သင့်သူအားလုံးက စုစုပေါင်း (၇)ယောက်ပါ ။ လမ်းမှာ ဦးထွန်းထွန်းဦး ဆုံးပါးသွားပါတယ် ။ အခု မန္တလေးမှာ အမျိုးသား နှစ်ဦး နဲ့ အမျိုးသမီးတစ်ဦး သေဆုံးတယ်ဆိုတော့ ကျား (၃)ဦး ၊ မ (၁)ဦး ပေါင်း (၄)ဦး သေဆုံးခဲ့ရပါတယ်။” ဟု မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်း ကပြောသည်။

No comments:

Post a Comment