Saturday, June 29, 2019

နည်းပညာဆိုင်ရာ လုံခြုံမှု အဆင့်မြှင့်ထားသည့် ”ခ”၊ ”ဂ”၊ ”ဃ” နှင့် ”င” ယာဉ်မောင်းလိုင်စင် Smart Card များကို ကောက်ခံသည့်နှုန်းထားမပြောင်းလဲဘဲ ဇူလိုင်(၁)ရက်မှ စတင်ပြောင်းလဲထုတ်ပေးသွားမည်။

နည်းပညာဆိုင်ရာ လုံခြုံမှု အဆင့်မြှင့်ထားသည့် ”ခ”၊ ”ဂ”၊ ”ဃ” နှင့် ”င” ယာဉ်မောင်းလိုင်စင် Smart Card များကို ကောက်ခံသည့်နှုန်းထားပြောင်းလဲခြင်းမရှိဘဲ ၂၀၁၉ ခုနှစ်၊ ဇူလိုင်(၁)ရက်မှ စတင်ပြောင်းလဲထုတ်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတစ်စောင်ဖြစ်သည့် မြန်မာ့အလင်းသတင်းစာမှ သတင်းတစ်ပုဒ်အရ သိရသည်။



ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လက်ရှိထုတ်ပေးလျက်ရှိသော Smart Card ယာဉ်မောင်းလိုင်စင်များကို မသမာသူများက အခကြေးငွေရယူ၍ မရိုးမသားတုပပြုလုပ် ဆောင်ရွက်မှုများရှိသဖြင့်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ဖော်ထုတ်ဖမ်းဆီးခဲ့ရာ စုစုပေါင်း တရားခံ ၁၇ ဦး အပါအဝင် ယာဉ်မောင်းလိုင်စင်ကတ်အတုများ၊ အတုပြုလုပ်သည့်စက်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။

ထိုသို့ ယာဉ်မောင်းလိုင်စင်အတုပြုလုပ်ခြင်းများ အလွယ်တကူ မဆောင်ရွက်နိုင်စေရန်နှင့် နိုင်ငံတကာအဆင့်မီ လုံခြုံမှုအစီအမံများပါဝင်သည့် Smart Card ယာဉ်မောင်းလိုင်စင်များဖြစ်စေရန် ရည်ရွယ်၍ လုံခြုံမှုအဆင့်မြှင့်တင်ခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆင့်မြှင့်တင်ထားသည့် Smart Card ယာဉ်မောင်းလိုင်စင်များ၏ စစ်မှန်မှုနှင့် စပ်လျဉ်း၍ Chipအတွင်းထည့်သွင်းထားသည့် အချက်အလက်များအား Chip Readerအသုံးပြု၍ လည်းကောင်း၊ QR Codeအတွင်း ထည့်သွင်းထားသည့် အချက်အလက်များအား QR Code Scanner အသုံးပြု၍လည်းကောင်း ကိုင်ဆောင်သူအနေဖြင့် အလွယ်တကူစိစစ်နိုင်မည်ဖြစ်သည်။

ထိုသို့ နည်းပညာဆိုင်ရာ လုံခြုံမှုအဆင့်မြှင့်တင်ထားသည့် ”ခ”၊ ”ဂ”၊ ”ဃ” နှင့် ”င”ယာဉ်မောင်းလိုင်စင် Smart Card များကို ကောက်ခံသည့်နှုန်းထားပြောင်းလဲခြင်းမရှိဘဲ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁ ရက်မှ စတင်ပြောင်းလဲထုတ်ပေးသွားမည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင် အသစ်ထုတ်ပေးခြင်း၊ နှစ်လဲဆောင်ရွက်ခြင်း၊ ပျက်စီးနှင့်ပျောက်ဆုံးမိတ္တူဆောင်ရွက်ခြင်း၊နယ်ဝင်/ နယ်ထွက် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်စဉ်တွင်ဖြစ်စေ၊ လက်ရှိ သက်တမ်းရှိ ယာဉ်မောင်းလိုင်စင်ကတ်များကို ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်သူ၏ဆန္ဒအရ အသစ်ပြောင်းလဲ ကိုင်ဆောင်လိုကြောင်း လျှောက်ထားလာလျှင်ဖြစ်စေ ပြောင်းလဲထုတ်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။

No comments:

Post a Comment