Saturday, June 29, 2019

ဗာဂျီးနီးယားမှာ ဆန္ဒပြလူအုပ်ကို ကားနဲ့ ဝင်တိုက်တဲ့ နာဇီလက်သစ်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချ

အမေရိကန်၊ ဗာဂျီးနီးယားပြည်နယ်က ချာလော့တက်ဗေးမြို့မှာ ၂၀၁၇ ခုနှစ်က ဆန္ဒပြလူအုပ်ကို ရည်ရွယ်ချက် ရှိရှိ ကားနဲ့ ဝင်တိုက်တဲ့ နာဇီဝါဒီတစ်ဦးကို တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ လူတစ်ဦး သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရစေတဲ့ အဲဒီ ကားတိုက်မှုကို ကျူးလွန်ခဲ့သူ နာဇီလက်သစ် ဂျိမ်းအလက်ဖီးကို အမုန်းတရားပြစ်မှုနဲ့ လူသတ်ဖြတ်မှု ပြစ်မှုပြစ်ဒဏ် ၂၉ ရပ်နဲ့ မတ်လ နှောင်းပိုင်းက အပြစ်ရှိကြောင်း စီရင်ချက် ချထားတာ ဖြစ်ပါတယ်။



အသက် ၂၂ နှစ်ရှိ ဂျိမ်းအလက်ဖီး ကျူးလွန်ခဲ့တဲ့ အဲဒီ ပြစ်မှုမှာ ဟက်တာဟီယာဆိုတဲ့ လူငယ်တစ်ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ပြစ်ဒဏ် စီရင်ချက်ကို မကြားနာခင် ဂျိမ်းအလက်ဖီးက “ကျွန်တော် တောင်းပန်ချင်ပါတယ်။ ကျွန်တော် အမေကို ခုလိုမျိုး ဖြစ်ရပ် ကြုံရတာအတွက် တောင်းပန်ပါတယ်။ ကျွန်တော် လုပ်ခဲ့တဲ့ လုပ်ရပ်အပေါ် နေ့တိုင်း စဉ်းစားနေမိတယ်။ ဘယ်လိုတွေကြောင့် ခုလို ဖြစ်ခဲ့ရသလဲဆိုပြီး။ ကျွန်တော် စိတ်မကောင်း ဖြစ်မိပါတယ်။”လို့ ပြောပါတယ်။

၎င်းရဲ့ ရှေ့နေကတော့ တရားခံဟာ ငယ်စဉ်အရွယ်ကတည်းက စိတ်ကျန်းမာရေး မကောင်းမွန်ခဲ့သူဖြစ်ပြီး လူအုပ်ကိုလည်း တမင် ဝင်တိုက်ခဲ့ခြင်း မဟုတ်တာကြောင့် သက်ညှာဖို့ လျှောက်လဲချက် ပေးခဲ့ပါတယ်။

၂၀၁၇ အတွင်းမှာ နာဇီလက်သစ် ၀ါဒကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြသူတွေကို ဂျိမ်းအလက်ဖီးက ကားနဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment