Thursday, June 27, 2019

ကရင်ငြိမ်းချမ်းရေးကောင်စီကလည်း မူးယစ်ဆေးတွေ မီးရှို့ဖျက်ဆီး

ကရင်ငြိမ်းချမ်းရေးကောင်စီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးကျေးရွာမှာ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က စိတ်ကြွရူးသွပ်ဆေးပြား အလုံးရေ ၂၂၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ ကရင်ငြိမ်းချမ်းရေးကောင်စီရဲ့ ထိန်းချုပ်ရာနယ်မြေဒေသတွေမှာ တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို အခုလို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။



ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဟာ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးမှုကို ၂၀၁၇ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး အခုဒီတစ်ကြိမ်နဲ့ဆိုရင်တော့ သုံးကြိမ်မြောက်ရှိလာပြီဖြစ်ပါတယ်။

ဒီနှစ်ထဲမှာတော့ ကရင်ငြိမ်းချမ်းရေးကောင်စီက မူးယစ်ဆေးဝါးအမှု ၆၁ မှု လူဦးရေ ၈၄ ဦးနဲ့ ဆေးပြား ၂၂၇၅၂ ပြား ဖမ်းဆီးရခဲ့တာလို့ သိရပါတယ်။

ဒီနှစ်ဖမ်းဆီးရမိတဲ့ ဆေးပြားအရေအတွက်တွေဟာ ပြီးခဲ့တဲ့နှစ်တွေထက် ပိုများလာတယ်လို့ သိရပါတယ်။

မူးယစ်းဆေးဝါးတွေဟာ ဆိုးကျိုးကိုသာပေးတဲ့အတွက် မီးရှို့ဖျက်ဆီးခဲ့ရတာဖြစ်ပြီး ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကလည်း မူးယစ်ဆေးဝါးတွေကို နှိမ်နင်းတယ်ဆိုတာ ပြည်သူလူထုကို သိစေချင်တယ်လို့ ဆိုပါတယ်။ ကရင်ငြိမ်းချမ်းရေးကောင်စီဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

No comments:

Post a Comment