Thursday, June 27, 2019

ထရန့်-ရှီ ကုန်သွယ်ရေးစစ်ပွဲ၏ ဆင့်ပွားထိခိုက်မှုများနှင့် ပတ်သက်၍ သြစတြေးလျသတိပေး

တရုတ်နှင့် အမေရိကန်ကြားမှ ကုန်သွယ်ရေးပဋိပက္ခ၏ ဆင့်ပွားထိခိုက်မှုကြောင့် သေးငယ်သော နိုင်ငံများ၌ အထိနာလာစေနိုင်သလို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ်  ခြိမ်းခြောက်မှု ဖြစ်နေသည့်အကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဇွန် ၂၆ ရက်တွင် သတိပေးခဲ့သည်။ ကမ္ဘာပေါ်တွင် အရေးကြီးဆုံး အပြန်အလှန် ဆက်ဆံရေးဖြစ်သော အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အက်ကြောင်း ထင်လာပြီ ဖြစ်သည်ဟု မော်ရစ်ဆင်က ဝါရှင်တန်မှ မဟာမိတ်များထံသို့ ရှားရှားပါးပါး လူသိရှင်ကြား သတိပေးမှုတစ်ခု ပြုလုပ်ခဲ့သည်။



“ကုန်သွယ်ရေး တင်းမာမှုတွေ မြင့်တက်လာတယ်။ ဆင့်ပွားထိခိုက်မှုတွေဟာ ပျံ့နှံ့လာတယ်။ ကမ္ဘာ့ကုန်သွယ်ရေး စနစ်ဟာ တကယ့်ဖိအားအောက်မှာ ရောက်နေတယ်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှု ခန့်မှန်းချက်တွေဟာ နောက်ကို ပြန်ဆုတ်နေကြတယ်” ဟု မော်ရစ်ဆင်က ဆစ်ဒနီတွင် ပြောကြားခဲ့သည်။ “ဒီဆက်ဆံရေး ဒီထက်ပိုပြီး ယိုယွင်းလာခြင်းရဲ့သက်ရောက်မှုဟာ ဒီအင်အားကြီး နှစ်နိုင်ငံတင်ပဲ ရပ်နေမှာ မဟုတ်ဘူး” ဟုလည်း မော်ရစ်ဆင်က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင်ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးပွဲ မတိုင်မီ မော်ရစ်ဆင်၏ မှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ ဂျီ ၂၀ ထိပ်သီးကို ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံကြားမှ တင်းမာမှုများ လျော့ကျစေရန် ရည်ရွယ်သော တရုတ်သမ္မတ ရှီကျင်ပင်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့၏ နှစ်ဦးချင်း တွေ့ဆုံဆွေးနွေးမည့် အရေးက အရိပ်လွှမ်းမိုးနေသည်။

ထရန့်-ရှီ လက်ထက်တွင် တရုတ်နှင့် အမေရိကန်ကြားမှ ဆယ်စုနှစ်ပေါင်းများစွာ သတိထား ဆက်ဆံမှုမှာ ဘေးရောက်သွားပြီး ယင်းအစား ပထဝီနိုင်ငံရေးအရ အလွန်အင်အားကြီးသည့် နှစ်နိုင်ငံသည် စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေးလွှမ်းမိုးမှုတို့တွင် ထိပ်တိုက်တွေ့လာ ခဲ့ကြသည်။

ကမ္ဘာပေါ်တွင် အမေရိကန်နှင့် တရုတ်အစိုးရတို့၏ တာဝန်ယူမှုရှိစွာ ပြုမူလိုစိတ်နှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံတွင် ယုံကြည်မှုများမှာ သိသိသာသာ လျော့ကျလာနေသည်။ သြစတြေးလျတွင် တရုတ်အပေါ် ယုံကြည်မှုရှိသည့် ပမာဏမှာ ၂၀၁၈ ခုနှစ်ကထက် ရာခိုင်နှုန်း ၂၀ လျော့ကျကာ ၃၂ ရာခိုင်နှုန်း ရှိသည်ဟု ဆစ်ဒနီမှ အတိုင်ပင်ခံအဖွဲ့ Lowy အင်စတီကျူ့က ဇွန် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် လူထုသဘောထား စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ စစ်တမ်းဖြေသူများတွင် ထရန့်အပေါ် ယုံကြည်မှုရှိသူ ဦးရေမှာ ၂၅ ရာခိုင်နှုန်းသာ ရှိသည်ဟု သိရသည်။

၂၈ နှစ် ဆက်တိုက်နီးပါး တိုးတက်နေသော သြစတြေးလျ၏ စီးပွားရေးကို အရှိန်အဟုန်မပျက်စေရ ဆိုသည့် ကတိဖြင့် မော်ရစ်ဆင်၏ ကွန်ဆာဗေးတစ် အစိုးရသည် မေလက ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိခဲ့သည်။ သို့သော် ယင်းနောက်ပိုင်း စီးပွားရေးတိုးတက်မှုမှာ မငြိမ်မသက် ဖြစ်လာခဲ့ပြီး ကျဆင်းမည့် အရိပ်အယောင်များ ပြနေသည့်အတွက် မော်ရစ်ဆင်၏ အစိုးရက အမေရိကန်-တရုတ် တင်းမာမှုများ၏ ဆင့်ပွားထိခိုက်မှုတို့ကို လူသိရှင်ကြား ဖြစ်လာစေရန် လုပ်ဆောင်နေကြသည်။

ထရန့်အပေါ် နှုတ်အားဖြင့် ထောက်ခံသူ တစ်ဦးဖြစ်သည့် မော်ရစ်ဆင်သည် ဂျီ ၂၀ ထိပ်သီး၏ ဘေးဆွယ်အဖြစ် ထရန့်နှင့် တွေ့ဆုံလိမ့်မည်ဟု မျှော်မှန်းထားသည်။ တောင်ပစိဖိတ်အပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုကြီး ထွားလာသည့် ကိစ္စကိုလည်း ထိုထိပ်သီးတွင် သေချာပေါက် ဆွေးနွေးမည်ဖြစ်သည်။

No comments:

Post a Comment