Thursday, June 27, 2019

၁၅ နှစ်အောက်လူငယ်များ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု သုံးဆမြင့်တက်လာဟု ဆို

အသက် ၁၅ နှစ်အောက်လူငယ်များ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုအရေအတွက်မှာ ၂၀၀၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း သုံးဆမြင့်တက်လာသည်ကို တွေ့ရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။ေ နပြည်တော်တွင် ဇွန်လ ၂၅ ရက်ကကျင်းပသည့် “မဟာဗျူဟာမြောက် ကျန်းမာရေးဆက်သွယ်မှု လုပ်ငန်းပညာရပ်ဖြင့် မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” တွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။



“ အသက် (၁၅)နှစ်အောက် လူငယ်များတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုအရေအတွက်မှာ (၂၀၀၁) ခုနှစ်မှ (၂၀၁၆) ခုနှစ်အတွင်း (၃)ဆမြင့်တက်လာသည်ကိုတွေ့ရှိရပါတယ်။ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် အဆုတ်ရောဂါ၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါများအပါအဝင် ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်ပြီး ဘဝနေထိုင်မှုအရည်အသွေးကျဆင်းခြင်း၊ အချိန်မတိုင်ခင် စောစီးစွာသေဆုံးခြင်း၊ ရောဂါဖြစ်ပွားသူ၏ မိသားစုတွင်လည်း စိတ်ပူပင်သောကဖြစ်ခြင်း၊ လူမှုစီးပွားဘဝများထိခိုက်ဆုံးရှုံးခြင်းတို့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကြီးမားစွာသောအဟန့်အတားဖြစ်စေပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။

၂၀၁၄ ခုနှစ်သုတေသနစစ်တမ်းများအရ မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးအမျိုးသား (၄၃.၈%) နှင့် အမျိုးသမီး (၈.၄%) သည် ဆေးလိပ်သောက်သုံးသူများဖြစ်ပြီးအမျိုးသား (၆၂.၂%) နှင့် အမျိုးသမီး (၂၄.၁%) သည် ဆေးရွက်ကြီးပါဝင်သည့်ကွမ်းစားသုံးသူများဖြစ်ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုများကြောင့် နှစ်စဉ် လူဦးရေ (၈) သန်းမှာ ရောဂါများ ဖြစ်ပွားကာသေဆုံးနေရပြီး ၎င်းတို့အနက် လူဦးရေ (၈) သိန်းသည် ကိုယ်တိုင် ဆေးလိပ်/ဆေးရွက်ကြီးသုံးစွဲသူ မဟုတ်ဘဲ အခြားသူသောက်သုံးသည့် ဆေးလိပ်ငွေ့ကိုရှုရှိက်ရသောကြောင့် ရောဂါဖြစ်ပွားကာ သေဆုံးနေရကြောင်း သုတေသနစစ်တမ်းတွေ့ရှိချက်များအရ သိရသည်။

အခြားသူသောက်သုံးသည့် ဆေးလိပ်ငွေ့ကိုရှုရှိက်ရသောကြောင့် ရောဂါဖြစ်ပွားသေဆုံးနေရလူဦးရေ (၈) သိန်းတွင် (၇၅) ရာခိုင်နှုန်းမှာ အမျိုးသမီးများနှင့်ကလေးသူငယ်များဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment