Thursday, June 27, 2019

ထိန်းသိမ်းခံ ရွှေ့ပြောင်းကလေးများ၏ အခြေအနေ ဆိုးရွားမှုအား ဝေဖန်မှု ထွက်ပေါ်နေစဉ် အမေရိကန် နယ်ခြားစောင့်အဖွဲ့ အကြီးအကဲ ရာထူးမှနုတ်ထွက်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ကလင့်မြို့၌ လူပြည့်ကျပ်နေသော နယ်စပ်စောင့်ကြပ်ရေးစခန်းတွင် ရွှေ့ပြောင်းအခြေချ ကလေးများအား ထိန်းသိမ်းစောင့်ရှောက်ထားမှု အခြေအနေသည် စိုးရိမ်စရာကောင်းကြောင်း လူထု၏ ဝေဖန်မှု ထွက်ပေါ်နေစဉ် အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး အေဂျင်စီ (CBP) ယာယီအကြီးအကဲ ဂျွန်ဆန်းဒါးသည် ဇူလိုင် ၅ ရက်တွင် ရာထူးမှ နုတ်ထွက်ရန် စီစဉ်ထားကြောင်း ဇွန် ၂၅ ရက်တွင် ကြေညာခဲ့သည်။

ကလင့်မြို့ရှိ ထိန်းသိမ်းရေးစခန်းတွင် ကလေးငယ်များ၏ အခြေအနေ ဆိုးရွားနေမှုအား ထုတ်ဖော်ခဲ့သည့် အချိန်နှင့် ဆန်းဒါးက ရာထူးမှ ထွက်ခွာရန် စီစဉ်ထားချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။ ယင်းသည် အမေရိကန်- မက္ကဆီကို နယ်စပ်၌ ဖမ်းဆီးခံရသူ အရေအတွက် တစ်ရှိန်ထိုး မြင့်တက်လာခြင်းကြောင့် တုံ့ပြန်ဖြေရှင်းရန် ရင်းမြစ်ကုန်ခန်းနေသည့် လက္ခဏာတစ်ခု ဖြစ်ခဲ့သည်။

El Paso မြို့ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ ထိုထိန်းသိမ်းရေးစခန်းသို့ ရှေ့နေများ၊ ဆရာဝန်များနှင့် အခြားသူများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က သွားရောက်ခဲ့ပြီးနောက် စခန်း၏ အခြေအနေများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကလေး ၂၅၀ နီးပါးအား ဇွန် ၂၄ ရက်တွင် ကလင့်မြို့ ထိန်းသိမ်းရေးစခန်းမှ လွှဲပြောင်းပေးခဲ့ကြောင်း၊ သို့သော် နောက်ထပ် ကလေး ၁၀ဝ ခန့်အား ထိုစခန်းသို့ ပြန်လည်ပို့ဆောင် လာခဲ့ကြောင်း CBP တာဝန်ရှိသူ တစ်ဦးက ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။


ကလင့်ထိန်းသိမ်းရေးစခန်းရှိ ကလေးများက ゞင်းတို့သည် ရေချိုးမှု သို့မဟုတ် သန့်ရှင်းသော အဝတ်အစားများ ရရှိမှုသည် ပုံမှန်မရရှိခဲ့ကြောင်း၊ အချို့ကလေးများက ゞင်းတို့သည် သီတင်းပတ်နှင့်ချီ ရေမချိုးရကြောင်း ဆပ်ပြာများလည်း ပုံမှန်မရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်ဟု ယင်းစခန်းသို့ သွားရောက်ခဲ့သည့် အဖွဲ့တွင် ပါဝင်သော လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့မှ သုတေသီ တစ်ဦးဖြစ်သူ ကလာရာလောင်းက ပြောကြားခဲ့သည်။ အမေရိကန် ဥပဒေအရ အုပ်ထိန်းသူမပါဘဲ ရောက်လာသည့် အသက်မပြည့်သူများအား ၇၂ နာရီအတွင်း ゞင်းတို့၏ မိဘများထံ ပြန်ပို့ သို့မဟုတ် Health and Human ၏ စင်တာများသို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။

အမိမြေ လုံခြုံရေးဌာန၏ ခေါင်းဆောင် Kristjen Nielsen ၏ နေရာအား အစားထိုးခန့်အပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က CBP အကြီးအကဲ Kevin Mc Aleenan အား ရွေးချယ်ခဲ့သည့် ပြီးခဲ့သော ဧပြီနောက်ပိုင်း ဆန်းဒါးက CBP ယာယီအကြီးအကဲအဖြစ် ထမ်းဆောင်ခဲ့သည်။

ဆန်းဒါးသည် ယခုကဲ့သို့ ရာထူးမှ နုတ်ထွက်ရသည့် အကြောင်းအရင်းကို ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ゞင်း၏နုတ်ထွက်မှုသည် နယ်စပ်၌ အသက်မပြည့်သေးသူ ရွှေ့ပြောင်းများအား ကိုင်တွယ်ဖြေရှင်းမှုနှင့် တိုက်ရိုက် ဆက်နွှယ်ခြင်း ရှိ၊ မရှိသည် ရှင်းရှင်းလင်းလင်း မရှိသေကြောင်း တာဝန်ရှိသူများက ဝါရှင်တန်ပို့စ်နှင့် နယူးယောက်တိုင်းမ်တို့ကို ပြောကြားခဲ့ကြသည်။

ဆန်းဒါးအား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ခြင်း မရှိကြောင်း၊ သို့သော် ယင်းကဲ့သို့ အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို သိထားကြောင်း ထရန့်က ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ဆန်းဒါး၏ နေရာအား အစားထိုးရန် ထရန့်က လူဝင်မှုနှင့် အကောက်ခွန်ဌာန (ICE) ၏ ယာယီဒါရိုက်တာ မာ့ခ်မော်ဂန်ကို ရွေးချယ်ရန် စီစဉ်နေကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။

No comments:

Post a Comment