Thursday, June 27, 2019

ခေါင်းဖြတ်လူသတ်တရားခံ ချစ်ပို(ခ)ဝေယံဖြိုးအား အိုးဘိုအကျဉ်းထောင်၌ ဆက်လက်ထိန်းသိမ်းထားဟုဆို

ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက်တွင် ၂ဝ၁၅ ခုနှစ်ကဖြစ်ပွားခဲ့သော ခေါင်းဖြတ်လူသတ်မှုဖြင့် သေဒဏ်ကျခံနေရသူ ချစ်ပို(ခ)ဝေယံဖြိုးကို မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ဆက်လက်ထိန်းသိမ်းထား ကြောင်း သိရသည်။ ''အင်းစိန်ထောင်ကနေ ပြောင်းလာတာကတော့ ၂ဝ၁၆ ခုနှစ်အကုန်ပိုင်း လောက်ဖြစ်မယ်။ ပြောင်းလာတဲ့ရက်လ အတိအကျဆိုရင်တော့ မှတ်တမ်းတွေပြန်ကြည့်ရမယ်။ အွန်လိုင်းမှာ ချစ်ပို(ခ) ဝေယံ ဖြိုး လွတ်ငြိမ်းသက်သာနဲ့ ပြန်လွတ်လာတဲ့ သတင်းတွေကိုမယုံဖို့ ပြောချင်တယ်။ ဒါပေမဲ့ သူက ကြိုးမဟုတ်တော့ဘူး။ ထောင်ဒဏ် တသက်ဖြစ်သွားပြီ''ဟု မန္တလေးအိုးဘိုအကျဉ်းထောင် ထောင်ပိုင်ကြီးဦးချို ဝင်းထွန်းက ပြောသည်။


နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်နှင့် အကျဉ်းသားအများအပြား ပြန်လည်လွတ်မြောက်ခဲ့ရာတွင် ၂ဝ၁၅ ခုနှစ်က သေဒဏ်အမိန့်ချမှတ်ခံထားသော ချစ်ပို(ခ)ဝေယံဖြိုးပါဝင်ခဲ့ပြီး ၎င်းပြန်လွတ်လာခြင်းကြောင့် ရပ်ကွက်အတွင်းနေထိုင်သူများ ကြောက်ရွံ့နေကြကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အကျဉ်းဦးစီးဌာနက မေ ၂၆ ရက်တွင် မဟုတ်မှန်ကြောင်း ကြေညာချက်တခုထုတ်ပြန်ခဲ့သော်လည်း မည်သည့်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိချေ။

ထုတ်ပြန်ချက်တွင် ''ယင်းသို့ သတင်းမှားဖြန့်ဝေနေခြင်းမှာ ထောင်ဝင်စာတွေ့ဆုံချိန်တွင် မိသားစုများမှတဆင့် အကျဉ်းသားများသိရှိစေပြီး ထောင်တွင်း၌ဆူပူမှုဖြစ်စေရန်ရည်ရွယ်၍ သွေးထိုးလှုံ့ဆော်နေခြင်းဖြစ်ကြောင်း၊ လူမှုကွန်ရက်ပေါ်တွင် သတင်းမှားဖြန့်ချိနေသူများကို တရားဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း''ဟုသာ ဖော်ပြထားသည်။

ချစ်ပို (ခ) ဝေယံဖြိုးကို ၂ဝ၁၅ ခုနှစ်၊ ဇူလိုင် ၂၂ ရက်က အရှေ့ပိုင်းခရိုင်တရား ရုံးတွဲဖက်ခရိုင်တရားသူကြီး ဦးငြိမ်းမြင့်မှ သေဒဏ်အမိန့်ချမှတ်ခဲ့သည်။

ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက်တွင် နေထိုင်သောမောင်မောင်ကြီး (ခ) အကြီး ကောင်သည် ၂ဝ၁၅ မတ်လ ၁၅ ရက်က ဟင်းဝယ်ရန် နေအိမ်မှထွက်လာစဉ် အရက်သောက်ပြီးပြန်လာသူ ချစ်ပို (ခ) ဝေယံဖြိုးနှင့် ပခုံးချင်းတိုက်မိခဲ့သည်။ ထိုသို့ပခုံးချင်းတိုက်မိသည်ကိုမကျေနပ်၍ ချစ်ပို (ခ)ဝေယံဖြိုးက လူအများရှေ့တွင် ထိုးကြိတ်ပြီး လည်ပင်းကိုဓားရှည်ဖြင့် အချက်ပေါင်းများစွာခုတ်သတ်ခဲ့ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူသည် ထိုစဉ်က အသက် ၂၂ နှစ်သာရှိသေးပြီး လူသတ်မှုကျူးလွန်ခြင်းသည် နှစ်ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment