Thursday, June 27, 2019

မီတာခ နှစ်ဆကျော်၊ သုံးဆ တိုးမြှင့်တာတွေဟာ နွမ်းပါးတဲ့ ပြည်သူတွေကိုပဲ ပိုကျပ်တည်းစေမလား

(၁)လျှပ်စစ်ဝန်ကြီးဌာနဟာ အများပြည်သူရဲ့ ဆန္ဒသဘောထားနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ရယူမှုမရှိဘဲ လျှပ်စစ်ဓာတ်အားခတွေကို တိုးမြှင့်မယ်လို့ နိုင်ငံပိုင် သတင်းစာတွေကနေ ကြေညာခဲ့တဲ့ အချိန်တုန်းက “ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်တယ်” လို့ လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၄ ရက်က နေပြည်တော်မှာ ပြောကြားခဲ့တဲ့ စကားဟာ လူသိများခဲ့ပါတယ်။
လက်ရှိအချိန်မှာလည်း ၂၀၁၃ ခုနှစ်တုန်းက ဆောင်ရွက်မှုနည်းတူ အများပြည်သူရဲ့ ဆန္ဒသဘောထား မခံယူဘဲ လျှပ်စစ်မီတာခတွေ ဇူလိုင် ၁ ရက်ကနေစပြီး တိုးမြှင့်ကောက်ခံမယ်လို့ ဇွန်၂၅ ရက်မှာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ရုတ်ခြည်းကြေညာလိုက်တာနဲ့ လက်ရှိတိုးမြှင့်မယ်ဆိုတဲ့ မီတာခဟာ အရင်ထက် နှစ်ဆကျော် ပိုများနေတဲ့ အခြေအနေဖြစ်လို့ ဝေဖန်သံတွေ ညံလာခဲ့ပြီ ဖြစ်ပါတယ်။ဒါ့အပြင် ဒီလိုမျိုး မီတာခတိုးမြှင့်ဖို့အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဟာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု ရေရှည်တိုးတက် ကောင်းမွန်စေရန် တိုးချဲ့ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လည်းကောင်း၊ မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မရရှိသေးသော ဒေသများ လျှပ်စစ်ရရှိရန် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လည်းကောင်း၊ ဓာတ်အားထုတ်လုပ်မှုစွမ်းအား စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် ပိုမိုကြိုးပမ်း ဆောင်ရွက်နိုင်ရန် အလို့ငှာ သင့်လျော်မည့် ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်နိုင်ရေးကို လျှပ်စစ်သုံးစွဲသူများကို ကိုယ်စားပြုသည့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေး၍ အကြံပြုချက်များ ရယူဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ဒီလိုမျိုး နယ်ပယ်အသီးသီးက လူတွေပါပြီး အကြံပြုချက်ရယူခဲ့တယ် ဆိုပေမယ့် ပြည်သူအများစု မသိရှိခဲ့သလို ယုတ်စွအဆုံး ရန်ကုန်တိုင်းက ပြည်သူတွေ ရွေးကောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပါ မီတာခတိုးဖို့ အလွှာအသီးသီးနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာ မသိရှိရတဲ့ အခြေအနေ ဖြစ်နေလို့ အပြောတခြား အလုပ်တခြား အခြေအနေကိုလည်း မြင်သာစေပြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မီတာခတိုးသလိုမျိုးပဲ လုပ်နေတာကို မြင်ရသလို ဖြစ်စေပါတယ်။“လျှပ်စစ်မီတာခတိုးဖို့ ဒီနှုန်းထားတွေကို Survey လုပ်တယ်။ ဌာနဆိုင်ရာ အသီးသီးကရော၊ ဒေသခံတွေရော ပါတယ်တဲ့။ အဲဒါကတော့ ရန်ကုန်တိုင်းက အလွဲကြီးလွဲနေပြီ။ အခုတိုးတဲ့ နှုန်းထားတွေ ထုတ်ပြန်ပြီ။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဘာမှမသိရဘူး။ ပြည်ထောင်စုကလည်း ချမပြဘူး။ တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဒေါ်နီလာကျော်ကလည်း မပြောဘူး။ ပြည်သူလူထုကိုလည်း ပြောမပြဘူး။ သူတို့က သတင်းထုတ်ပြန်တော့ လေ့လာပြီးတော့ သက်ဆိုင်ရာ ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော ဆွေးနွေးတယ်တဲ့။ ကျွန်တော်အပါအဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဒီအကြောင်းမသိဘဲ ဝုန်းခနဲ တက်သွားတာ။ ကြိုပြောရင်တော့ ပြည်သူလူထုကို စည်းရုံးပြီးတော့ လုပ်ခဲ့ရင် တစ်မျိုးပေါ့။ အဲဒါကို ဒီအတိုင်း လုပ်လိုက်တယ်။ အခြေခံ လူတန်းစားကတော့ ထိခိုက်တာပေါ့။ ကုန်ဈေးနှုန်းတွေကအစ လိုက်တက်မယ့်သဘော ရှိနေတယ်။ အရွေ့တစ်ခုက ရွေ့သွားရင် နောက်က ဆက်ရွေ့မှာပဲပေါ့။ ခရီးသွား သယ်ယူပို့ဆောင်ရေးတို့၊ ရေခ၊ မီးခ တက်လာရင် အစစအရာရာ တက်လာမှာ။ စီးပွားရေး သမားကတော့ ပေးမှာပေါ့။ စီးပွားဖြစ်တဲ့သူလည်း ဖြစ်မှာပေါ့။ အခြေခံလူတန်းစား အပါအဝင် ရာခိုင်နှုန်း တော်တော်များများ အကျပ်အတည်းဖြစ်မယ့် သဘောရှိတယ်” လို့ ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားပါတယ်။၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစပြီး ပြင်ဆင်သတ်မှတ်ခဲ့တဲ့ လျှပ်စစ်မီတာခ နှုန်းထားကို အိမ်သုံးနဲ့ စက်မှုသုံး အမျိုးအစား နှစ်မျိုးခွဲပြီး သတ်မှတ်ခဲ့တာပါ။ အိမ်သုံးအမျိုးအစားကို တစ်ယူနစ်ကနေ ယူနစ် ၁၀ဝ အထိ ၃၅ ကျပ်၊ ၁၀၁ ယူနစ်ကနေ ယူနစ် ၂၀ဝ အထိကို ကျပ် ၄၀ နဲ့ ၂၀၁ ယူနစ်အထက်ကို ကျပ် ၅၀ နှုန်း တိုးမြှင့်ခဲ့တာဖြစ်ပြီး စက်မှုသုံး အမျိုးအစားမှာ တစ်ယူနစ်ကနေ ၅၀ဝ ယူနစ်အထိ ၇၅ ကျပ်၊ ၅၀၁ ယူနစ်ကနေ ၁၀ဝ၀ဝ ယူနစ်အထိ ကျပ် ၁၀ဝ၊ ၁၀ဝ၀၁ ယူနစ်ကနေ ၅၀ဝ၀ဝ ယူနစ်အထိ ၁၂၅ ကျပ်၊ ၅၀ဝ၀၁ ယူနစ်ကနေ ယူနစ် ၂၀ဝ၀ဝ၀ (ယူနစ်-နှစ်သိန်း) အထိ ကျပ် ၁၅၀၊ ၂၀ဝ၀ဝ၁ ယူနစ်ကနေ ယူနစ် ၃၀ဝ၀ဝ၀ (ယူနစ်-သုံးသိန်း) အထိ ၁၂၅ ကျပ်နဲ့ ၃၀ဝ၀ဝ၁ ယူနစ်အထက်ကို ကျပ် ၁၀ဝ အဖြစ် တိုးမြှင့်ကောက်ခံခဲ့တာပါ။လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ လက်ရှိတိုးမြှင့်လိုက်တဲ့ မီတာခတွေမှာ အိမ်သုံးအမျိုးအစားကို တစ်ယူနစ်ကနေ ယူနစ် ၃၀ အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်ကနေ ယူနစ် ၅၀ အထိ ကျပ် ၅၀၊ ၅၁ ယူနစ်ကနေ ၇၅ ယူနစ်အထိ ကျပ် ၇၀၊ ၇၆ ယူနစ်ကနေ ယူနစ် ၁၀ဝ အထိ ကျပ် ၉၀၊ ၁၀၁ ယူနစ်ကနေ ၁၅၀ အထိ ကျပ် ၁၁၀၊ ၁၅၁ ယူနစ်ကနေ ၂၀ဝ အထိ ကျပ် ၁၂၀၊ ၂၀၁ ယူနစ်နဲ့ အထက် ၁၂၅ ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။အိမ်သုံးမဟုတ်တဲ့ စက်မှုလုပ်ငန်းတွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာန အဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်မှု လုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန/လုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်ယူနစ်ကနေ ယူနစ် ၅၀ဝ အထိ ၁၂၅ ကျပ်၊ ၅၀၁ ယူနစ်ကနေ ယူနစ် ၅ဝဝဝအထိ ၁၃၅ ကျပ်၊ ၅၀ဝ၁ ယူနစ်ကနေ ယူနစ် ၁ဝဝဝဝအထိ ၁၄၅ ကျပ်၊ ၁၀ဝ၀၁ ယူနစ်ကနေ ၂၀ဝ၀ဝ အထိ ၁၅၅ ကျပ်၊ ယူနစ် ၂၀ဝ၀၁ ကနေ ၅ဝဝဝဝအထိ ၁၆၅ ကျပ်၊ ၅၀ဝ၀၁ ယူနစ်ကနေ ၁၀ဝ၀ဝ၀ အထိ ၁၇၅ ကျပ်၊ ၁၀ဝ၀ဝ၁ ယူနစ်အထက်ကို ကျပ် ၁၈၀ နှုန်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ဒီလိုပြင်ဆင် သတ်မှတ်လိုက်တဲ့ နှုန်းထားနဲ့ အိမ်သုံးလျှပ်စစ်ယူနစ် ၅၀ဝ ကို အရင်နှုန်းထားအရ ကျပ်၂၂၅ဝဝသာ ကျသင့်မှာဖြစ်ပြီး နှုန်းထားအသစ်နဲ့ ကျပ် ၅၅၀၅၀ ကျသင့်မှာဖြစ်လို့ ကျပ် ၃၂၅၅၀ ပိုမိုကျသင့်မှာ ဖြစ်ပါတယ်။စက်မှုလုပ်ငန်း အမျိုးအစားမှာဆို ယူနစ်တစ်သိန်းအထိ သုံးစွဲမှုနဲ့ တွက်ချက်မယ်ဆို အရင်နှုန်းထားနဲ့ ကျပ် ၁၃၄ သိန်းကျော် (၁၃,၄၈၇,၅၀ဝ ကျပ်) ကျသင့်ပြီး နှုန်းထားအသစ်မှာဆိုရင် ကျပ် ၁၆၆ သိန်းကျော် (၁၆,၆၄၅,ဝ၀ဝ ကျပ်) ကျသင့်မှာဖြစ်လို့ ကျပ် ၃၁ သိန်းကျော် ပိုမိုကျသင့်မှာ ဖြစ်ပါတယ်။(၂)လက်ရှိ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးပမာဏက မဂ္ဂါဝပ် ၃၇၀ဝ ခန့် ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အမြင့်ဆုံးပမာဏ မဂ္ဂါဝပ် ၂၃၅၀ ရှိပြီး ၂၀၁၆ ခုနှစ်မှာ မဂ္ဂါဝပ်  ၂၆၇၀ အထိ တက်လာပါတယ်။၂၀၁၇ ခုနှစ်မှာ မဂ္ဂါဝပ် ၂၉၀ဝ ၊ ၂၀၁၈ ခုနှစ်မှာ မဂ္ဂါဝပ်  ၃၃၀ဝ အထိ မြင့်တက်လာခဲ့တာပါ။ ၂၀၁၈ နဲ့ ၂၀၁၉ နှိုင်းယှဉ်မယ်ဆိုရင် မဂ္ဂါဝပ်  ၄၀ဝ လောက် ပိုသုံးစွဲတဲ့အတွက် ၁၂ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။လက်ရှိမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ထောင်စုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းဟာ လျှပ်စစ်ဓာတ်အား ရရှိထားပြီး ၂၀၂၀-၂၀၂၁ ခုနှစ်မှာ အနည်းဆုံး အိမ်ထောင်စု ၅၅ ရာ ခိုင်နှုန်းဟာ လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲနိုင်ဖို့ ရည်မှန်းထားကာ အနာဂတ် ရည်မှန်းချက်အဖြစ် ၂၀၂၅-၂၀၂၆ ခုနှစ်မှာ အိမ်ထောင်စု ၇၅ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား သုံးစွဲလာနိုင်ဖို့ဖြစ်ပြီး ၂၀၃၀-၂၀၃၁ ခုနှစ်မှာတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ အိမ်ထောင်စုအားလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရရှိရေး ရည်မှန်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။လျှပ်စစ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး မီတာခ တိုးကောက်တော့မယ်ဆိုရင် ပြည်သူတွေဘက်က လိုချင်နေတာက မီးမပျက်ဖို့၊ တည်ငြိမ်တဲ့လျှပ်စစ် ရရှိဖို့၊ လျှပ်စစ်ဝန်ကြီးဌာနဟာ အဂတိလိုက်စားမှု စစ်တမ်းအရ ပြည်သူတွေက ငွေပေးနေရမှု ရာခိုင်နှုန်း ၇၀ အထိ ရှိနေတာကြောင့် လျှပ်စစ်ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ မသမာမှုတွေ လျော့ကျရေး၊ Technical နဲ့ Non Technical Issues တွေ၊ Losses တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးဆိုတဲ့ အာမခံချက်တွေ လိုချင်ပါတယ်။ ဒါပေမဲ့ ဒီနေ့အထိတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကတော့ ဘတ်ဂျက်မှာ အရှုံးပြနေတာနဲ့ ပြည်သူလူထုရဲ့ ၅၆ ရာခိုင်နှုန်းဟာ လျှပ်စစ်မရရှိသေးတဲ့ အခြေအနေတွေကိုပဲ တင်ပြနေပြီးတော့ ပြည်သူတွေလိုချင်တဲ့ ဝန်ဆောင်မှု အာမခံချက်ကိုတော့ ပေးနိုင်စွမ်း မရှိသေးပါဘူး။“အခုလက်ရှိ တစ်လကို မီတာခက လေးထောင်ကနေ ငါးထောင်လောက်တော့ ကျတယ်။ အခုနှစ်ဆနီးပါး တက်မယ်ဆိုတော့ တစ်လကို တစ်သောင်းလောက် ပေးရမှာပေါ့။ နိုင်ငံတော်က အရှုံးပေါ်နေလို့ မီတာခ တက်တယ်ဆိုရင် တက်ပေါ့။ ဒါပေမဲ့ လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုတွေ ဘယ်လိုပြန်ရမလဲဆိုတာ သိချင်တယ်။ နွေရာသီရောက်လို့ ရေအားလျှပ်စစ် မရှိဘူး ဆိုရင်လည်း မီးပြတ်တယ်။ မိုးရွာလို့ လေပြင်းပြီး မီးကြိုးတွေ ပျက်စီးလို့ ဆိုပြီးလည်း မီးပျက်တယ်။ အဲဒီလို ပြဿနာတွေကိုရော ဘယ်လိုဖြေရှင်းပေးမှာလဲ။ ဒီအတိုင်း လျှပ်စစ်မီတာခကြီးကိုပဲ တိုးကောက်ပြီးတော့ အခြားဝန်ဆောင်မှုအပိုင်း ဘာမှမရဘူး ဆိုတာကတော့ အခုလို အချိန်မျိုးမှာ မဖြစ်သင့်တော့ဘူး။ နောက်တစ်ခုက မီတာခ တိုးလာတိုင်း ကုန်ဈေးနှုန်း လိုက်တက်တာ။ အဲဒါတွေကိုရော တာဝန်ရှိသူတွေ က ဘယ်လိုမျိုးဖြေရှင်းဖို့လုပ်မှာလဲ သိချင် တယ်}} လို့ လှိုင်မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်မြင့်မြင့်အေးက ဆိုပါတယ်။လျှပ်စစ်မီတာခ အရှုံးဟာ လက်ရှိအချိန်မှာ တစ်နှစ် ကျပ်ဘီလျံ ၆၀ဝ လောက်အထိ အရှုံးပေါ်နေတာဖြစ်ပြီး ဒီလိုအခြေအနေအပေါ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က “လျှပ်စစ်ဓာတ်အား ကဏ္ဍဍမှာ အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုက အရှုံးပေါ်တာ ဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်တွေမှာဆိုရင် ငွေကျပ် ၄၂၂ ဘီလျံကျော် ရှုံးပါတယ်။ ထုတ်လုပ်ရေးကဏ္ဍဍ တစ်ခုတည်းမှာရှုံးတာ ဖြစ်ပါတယ်။ ဘတ်ဂျက်ပိတ်တဲ့အခါ ကျပ် ၄၂၂ ဘီလျံ ရှုံးပြီး ဘတ်ဂျတ်ကြိုတင် တွက်ချက်တုန်းက ငွေကျပ်ဘီလျံ ၃၆၀ ကျော်ရှုံးမယ်လို့ ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ မှာရော အခြေအနေကို သိနိုင်အောင် အရှုံးခန့်မှန်းခြေ တွက်ချက်ထားတဲ့ ဘတ်ဂျက်စာအုပ်ကို ကြည့်တော့ ငွေကျပ် ဘီလျံ ၆၀ဝ ကျော် ရှုံးမယ်လို့ တွက်ချက်ထားတာ တွေ့ရပါတယ်” လို့ NLD အစိုးရသုံးနှစ်ပြည့်မှာ ပြောထားပါတယ်။9l3a2964.jpg
လျှပ်စစ်ဓာတ်အားခ တောင်းခံလွှာစာရွက်ကို ကိုင်ဆောင်ထားသူ ပြည်သူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
လျှပ်စစ်ဓာတ်အားခ တောင်းခံလွှာစာရွက်ကို ကိုင်ဆောင်ထားသူ ပြည်သူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)အစိုးရအနေနဲ့ ပြည်သူလူထုအများစု နှစ်လိုမှုမရှိတဲ့ မီတာခကို ဘတ်ဂျက်မှာ အရှုံးပြနေတာနဲ့ မီးမရသေးတဲ့ ၅၆ ရာခိုင်နှုန်းသော ပြည်သူတွေဆိုတဲ့ အကြောင်းပြချက်နဲ့ မီတာခ တိုးကောက်တော့မယ်ဆိုရင် တစ်ဖက်မှာ ပြည်သူအများစု လိုအပ်နေတဲ့ မီးမပျက်ဖို့၊ တည်ငြိမ်တဲ့လျှပ်စစ်ရရှိဖို့၊ လျှပ်စစ်ဝန်ကြီးဌာနဟာ အဂတိလိုက်စားမှု စစ်တမ်းအရ ပြည်သူတွေက ငွေပေးနေရမှု ရာခိုင်နှုန်း ၇၀ အထိ ရှိနေတာကြောင့် လျှပ်စစ်ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ မသမာမှုတွေ လျော့ကျရေး၊ Technical နဲ့ Non Technical Issues တွေ၊ Losses တွေကို တာဝန်ယူမှု တာဝန်ခံမှုရှိရေးဆိုတဲ့ အာမခံချက်တွေ ပေးဖို့လည်း လိုအပ်ပါတယ်။“မီတာခ တိုးကောက်ခြင်းသည် လုပ်ဆောင်သင့်သောအရာ ဖြစ်သော်လည်း မီးပျက်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံးသော နည်းလမ်းတော့ မဟုတ်ပါဘူး။ မီတာခတွေ ဈေးတက်လိုက်လို့ အစိုးရက အရှုံးခံ ရောင်းပေးနေတာ အတိုင်းအတာ တစ်ခုအထိ သက်သာသွားပါလိမ့်မယ်။ ဒါပေမဲ့  တစ်နိုင်ငံလုံး အချိန်တိုအတွင်း မီးလင်းဖို့၊ ၂၄ နာရီ မီးအမြဲမှန်ဖို့၊ လျှပ်စစ်နဲ့ ပတ်သက်တဲ့ မလိုလားအပ်တဲ့ ဘေးအန္တရာယ်တွေ လျှော့ချဖို့၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အတွင်းမှာရှိတဲ့ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ဖို့နဲ့ မီတာခပေးဆောင်မှု အပါအဝင် လျှပ်စစ်မီးကို ဝယ်ယူသုံးစွဲရာမှာ ပြည်သူတွေဘက်က စိတ်ကျေနပ်ဖွယ် စာသုံးသူ ဝန်ဆောင်မှုတွေရဖို့ ဆိုတာတွေကိုတော့ မီတာခ တိုးကောက်တာနဲ့ ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါ ဘူး။ မြန်မာနိုင်ငံ လျှပ်စစ်ကဏ္ဍဍအတွက် Strctural Reform လို့ခေါ်တဲ့ စနစ်တစ်ခုလုံးကို အခြေခံမှစပြီး ပြောင်းလဲရမယ့် ပြုပြင်မှုတွေ လိုပါတယ်။ ဒီအတွက် သုံးစွဲရမယ့် ပေါ်လစီက ပုဂ္ဂလိကပိုင် ပြုခြင်းပါ။ နိုင်ငံတကာ လျှပ်စစ်ကုမ္ပဏီကြီးတွေကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ပြီး ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံဖို့ အားပေးရပါမယ်။ အစိုးရက လျှပ်စစ်ကဏ္ဍဍကို လက်ဝါးကြီးအုပ်ထားတာကနေ ဖြေလျှော့ပြီး ပုဂ္ဂလိကကို လွှဲဖို့လိုပါပြီ။ ပုဂ္ဂလိက ကုမ္ပဏီတွေ မပါဘဲ မြန်မာပြည်မှာ မီးမှန်ဖို့ဆိုတာ ဝေးနေဦးမှာပါ” လို့ Oxford တက္ကသိုလ်မှာ ပြည်သူ့ရေးရာမူဝါဒ ဘာသာရပ်နဲ့ မဟာတန်း တက်ရောက်နေတဲ့ ကိုနေယံဦးက ပြောကြားပါတယ်။(၃)NLD အစိုးရလက်ထက်မှာ ဘယ်လိုပဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုပြီး ပြောနေပြောနေ လက်တွေ့ ပြည်သူတွေ ဘဝကတော့ ကျပ်တည်းလာတယ်လို့ လုပ်ငန်းရှင်နဲ့ ပြည်သူတွေက တစ်ပြေးညီ အသံထွက်ထားတာပါ။ နှစ်စဉ်ပိုမို မြင့်မားလာနေတဲ့ ကုန်ဈေးနှုန်း၊ များပြားလွန်းလှတဲ့ ဘတ်ဂျက်လိုငွေ၊ စံချိန်တင် မြင့်တက်လာတဲ့ ဒေါ်လာဈေးကြောင့် အဆမတန် ကျဆင်းသွားတဲ့ မြန်မာကျပ်ငွေ၊ စံချိန်တင်ရွှေဈေး၊ စက်သုံးဆီဈေးနှုန်း၊ FDI ဝင်ရောက်မှု အကြီးအကျယ် ကျဆင်းတာကြောင့် ပြည်သူတွေရဲ့ ဝယ်ယူစားသုံးနိုင်စွမ်း ကျဆင်းပြီး ပြည်ပက သွင်းကုန်တွေပါ လျော့ကျလာနေတဲ့ အခြေအနေကို တွေ့မြင်နေရတာပါ။ဒီလိုအခြေအနေတွေကြားမှာ တိုးမြှင့်တော့မယ့် လျှပ်စစ်မီတာခကြောင့် လာမယ့် ခြောက်လလောက် အတွင်းမှာ ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာနိုင်သလို ငွေကြေးဖောင်းပွမှုလည်း ဖြစ်လာနိုင်တယ်လို့ လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးနေလင်းဇင်က သုံးသပ်ပါတယ်။“အိမ်သုံးမီတာခရော စက်မှု၊ စီးပွားရေး လုပ်ငန်းသုံး မီတာခရော ဇူလိုင် ၁ ရက်ကစပြီး နှုန်းထားအသစ်နဲ့ ကောက်ခံမယ်လို့ ထုတ်ပြန်တယ်။ မြန်မာနိုင်ငံရဲ့ မီးမရသေးတဲ့ လူဦးရေရာခိုင်နှုန်း ၅၀ ကျော်အတွက် မီးရရှိရေးအတွက် တည်ငြိမ်တဲ့ လျှပ်စစ်ကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ် ဖြန့်ဖြူးနိုင်ရေးအတွက် အခုနှုန်းထား အသစ်ကို ကောက်ခံတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ လျှပ်စစ်ဝန်ကြီးဌာန အနေနဲ့ Technical နဲ့ Non Technical Issues တွေ၊ Losses တွေကို တာဝန်ယူမှု တာဝန်ခံမှု တာဝန်ယူဖို့ လိုပါတယ်။ တည်ငြိမ်တဲ့ဗို့အား၊ တည်ငြိမ်တဲ့ လျှပ်စစ်ပြတ်တောက်မှု မရှိစေရေး အတွက်ကိုလည်း တာဝန်ခံမှုရှိဖို့ လိုပါတယ်။ အိမ်သုံးရော၊ စက်မှုစီးပွားရေးသုံးရော တက်လာတဲ့အတွက် ကုန်ဈေးနှုန်းတက်တာ၊ နောက်ဆက်တွဲ အနေနဲ့ ငွေကြေးဖောင်းပွတာ ဒီခြောက်လအတွင်း ဖြစ်လာနိုင်ပါတယ်” လို့လည်း ဦးနေလင်းဇင်က သူ့အမြင်ကို ပြောပါတယ်။မီတာခတိုးမြှင့်တာမှာ ဘယ်လိုပဲ နွမ်းပါးတဲ့ပြည်သူကို မထိခိုက်အောင် တိုးမြှင့်တာပါလို့ ဆင်ခြေပေးပေး၊ စက်မှုကုန်ထုတ် လုပ်ငန်းတွေမှာ မီတာခ မြင့်တက်တာနဲ့ တစ်ပြိုင်နက် ထုတ်ကုန်တွေပါ ဈေးနှုန်းလိုက်ပြီး တက်မှာဖြစ်လို့ နောက်ဆုံးပိတ်မှာ တကယ်ခံရမှာက ပြည်သူတွေပါပဲ။“လျှပ်စစ်မီးက တောက်လျှောက် အရှုံးပေါ်နေတာပေါ့။ တက်ဖို့တော့ လိုအပ်တဲ့ အနေအထား ရှိတာပေါ့။ လျှပ်စစ်မီတာခတက်ရင် အခြားကုန်ဈေးနှုန်းတွေ တက်လာမှာပဲ စိုးရိမ်တာ။ လျှပ်စစ်ကို ချွေတာသုံးရင်တော့ လျှပ်စစ်ဈေးတက်တာ သိပ်ပြီးတော့ ပြဿနာ မရှိဘူး။ လျှပ်စစ်မီတာခ တက်တာကို အကြောင်းပြုပြီး အခြားသော ကုန်ဈေးနှုန်းတွေပါ လိုက်တက်လာတာတွေ ဖြစ်လာမှာကို စိုးရိမ်တယ်။ အဲဒါကို အစိုးရအနေနဲ့ ဘယ်လိုထိန်းမလဲ။ နောက်ဆက်တွဲ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ဆက်မဖြစ်လာအောင်တော့ အစိုးရက ထိန်းသင့်တယ်” လို့ သင်္ဃ္န်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားပါတယ်။သေချာတာကတော့ အစစအရာရာ ကျပ်တည်းလာနေတဲ့ ပြည်သူတွေအတွက် ချိန်ကိုက်ဗုံးနဲ့တူတဲ့ လျှပ်စစ်မီတာခ တိုးမြှင့်မှု အကျပ်အတည်း ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။ ပိုဆိုးတာက ပြည်သူလူထုရဲ့ သဘောထား ဆန္ဒခံယူမှု မရှိခဲ့တာ၊ တိုင်းပြည်မှာ လုပ်ငန်းတွေ၊ စီးပွားရေးတွေ ကျဆင်းနေချိန်မှာ ပြည်သူ ၅၆ ရာခိုင်နှုန်း မီးမရသေးတာဆိုတဲ့ အကြောင်းပြချက်နဲ့ ဘီလျံ ၆၀ဝ လောက် နှစ်စဉ်ရှုံးနေတယ်ဆိုတဲ့ အကြောင်းပြချက် နှစ်ခုနဲ့ တိုးမြှင့်လိုက်တဲ့ မီတာခဒဏ်ကို နွမ်းပါးတဲ့ ပြည်သူသန်း ၅၀ ကျော်ပဲ ရင်စည်းခံရတော့မှာပါ။“စီးပွားရေးရှုထောင့်က ပြောရရင် လျှပ်စစ်ဓာတ်အားဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတစ်ခု။ အဲဒီတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက လျှပ်စစ်ဓာတ်အား အပြည့်အဝရမှ လာကြတယ်လေ။ ဒီကြားထဲ လျှပ်စစ်ဓာတ်အားက ဈေးတက်လိုက်မယ်ဆိုရင် နည်းနည်းအင်တင်တင် ပိုဖြစ်သွားမှာပေါ့။ အဲဒါက စီးပွားရေးကို နည်းနည်းတော့ ထိခိုက်မှုရှိတာပေါ့။ နောက်ပြီး လျှပ်စစ်ဓာတ်အား ဆိုတာ ပြည်တွင်းထုတ်လုပ်မှု စက်ရုံတွေ အကြီးအသေးရော အိမ်တွင်းစက်မှုလုပ်ငန်းပါ လျှပ်စစ်ဓာတ်အားနဲ့ ထုတ်မှ ကုန်ပစ္စည်းက ထွက်ရှိတာများတယ်လေ။ အဲဒီတော့ ကုန်ထုတ်လုပ်မှုအပိုင်းမှာ လျှပ်စစ်ဓာတ်အား မီတာခ တိုးကောက်လိုက်ရင် စရိတ်တွေ မြင့်လာတဲ့အတွက် ထုတ်ကုန်ပစ္စည်းတွေ ဈေးကြီးလာမယ်၊ ကုန်ဈေးနှုန်း တက်မယ်ပေါ့။ ထုတ်ကုန်တွေ ဈေးကြီးလာရင် နိုင်ငံခြားပို့တဲ့ အခါမှာလည်း တွက်ခြေမကိုက်ဘူးဖြစ်မယ်။ အဲဒီအတွက် Export ကို ထိခိုက်မယ်။ နောက်ပြီးကျတော့ လျှပ်စစ်ဓာတ်အားဆိုတာ ပညာရေး၊ ကျန်းမာရေးတို့ တိုင်းပြည်အနာဂတ်အတွက်၊ အခြေခံ အဆောက်အအုံတွေအတွက် တော်တော်အရေးပါပါတယ်။ လျှပ်စစ်ဓာတ်အားခ ဈေးတက်တော့ တိုင်းပြည်အနာဂတ်ဖြစ်တဲ့ ပညာရေးတို့၊ ကျန်းမာရေးတို့ အရှိန်နည်းနည်း လျော့သွားနိုင်တယ်၊ ထိခိုက်နိုင်တယ်။ နောက်ပြီး ပြည်သူအားလုံးက လျှပ်စစ်ဓာတ်အားခ နည်းနည်းသက်သာလို့သာ ကုန်ဈေးနှုန်း သက်သာတဲ့ အတွက်ကြောင့် နဂိုကမှ မလုံလောက်ရတဲ့အထဲ၊ ချွေချွေတာတာ သုံးရတဲ့အထဲ လျှပ်စစ်ဓာတ်အားခကိုလည်း သက်သာရင်တော့ အဆင်ပြေတာပေါ့။ အခုဓာတ်အားခ ပိုပေးရရင် သူတို့စီးပွားရေးတွေ အကုန်လုံး ထိခိုက်တာပေါ့။ မိသားစုတိုင်း အိမ်ထောင်စုတိုင်း ထိခိုက်တာပေါ့။ အဲဒီတော့ လျှပ်စစ်ဓာတ်အား ဈေးတက်တယ်ဆိုတာ ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး” လို့ စီးပွားရေး ပညာရှင်ဖြစ်တဲ့ ဦးလှမောင်က သုံးသပ်ပါတယ်။အစိုးရအနေနဲ့ လျှပ်စစ်နဲ့ပတ်သက်တဲ့ ကိုယ့်ဘက်က အားနည်းချက်တွေ အဖြေမရှာနိုင်သေးခင်၊ အရင်အစိုးရ လက်ထက်မှာ ချုပ်ဆိုခဲ့တဲ့ လျှပ်စစ်မီးဝယ်ယူမှု တစ်ဖက်သတ် သဘောတူစာချုပ်တွေ၊ ဝန်ထမ်းမသမာမှုတွေကို ဦးစားပေး ဖြေရှင်းရမယ့်အစား ပြည်သူတွေကို ဝန်ပိစေမယ့် လျှပ်စစ်မီတာခ နှစ်ဆနဲ့ သုံးဆကြား တိုးမြှင့်မှုဟာ မှန်ကန်တဲ့ အဖြေရှာမှု ဖြစ်မလာနိုင်တာတော့ သေချာပါတယ်။“မီတာခ တိုးတာကတော့ လောလောဆယ် စီးပွားရေး ကျပ်တည်းနေတဲ့ အချိန်မှာတော့ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုပြီးတော့ ဖြစ်သွားစေမယ်လို့ ကျွန်တော်တော့ ယူဆတယ်။ ဒါက တစ်ခုတည်း ရှုံးနေတာကိုကြည့်ပြီး ပြောလို့တော့ အဆင်မပြေဘူး။ ဘာကြောင့်လဲဆိုတော့ လောလောဆယ် ပြည်သူတွေလက်ထဲမှာ ပိုက်ဆံမရှိတဲ့ အခြေအနေ ဖြစ်နေတယ်။ ကုန်ဈေးနှုန်းတွေက တက်တယ်။ ဒီလတွေဆိုရင် ကျွန်တော်တို့ မြို့နယ်တွေမှာ ကျူရှင်ခတွေပေါ့နော်။ မိဘတွေက ကျောင်းသားတွေအတွက် ကျူရှင်ခတွေ ပေးရတယ်။ အဘက်ဘက်က ကုန်ဈေးနှုန်းတွေ ကြီးမြင့်တဲ့ဒဏ်တွေ စရိတ်တွေ တိုးလာတဲ့ ဒဏ်တွေ ဖြစ်နေတဲ့အချိန်မှာ မီတာခ အခုလို တိုးပြီးကောက်လိုက်တဲ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားစေမယ်ပေါ့။ နိုင်ငံတကာမှာ ဒီအခွန်တိုးကောက်တာတွေ ဘာတွေရှိတယ် ဆိုပေမဲ့ သူတို့နိုင်ငံတွေမှာကျတော့ မိသားစုမှာ အပိုအလျှံငွေက တော်တော်များများ ရှိကြတယ်။ နိုင်ငံတကာနဲ့ ယှဉ်လို့တော့ မရဘူးပေါ့နော်။ ကျွန်တော်တို့နိုင်ငံမှာက တချို့မိသားစုတွေဆိုရင် ရတဲ့ဝင်ငွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို အစားအသောက်နဲ့ အခြေခံ ကုန်စည်တွေမှာ ပြန်ပြီးတော့ သုံးနေရတယ်။ အိမ်ငှားခတွေ ပေးရတယ်။ နောက်ကလေးတွေ ပညာရေးကလည်း အလကားမရဘူး။ အခမဲ့ပညာရေး မဟုတ်ဘူး။ ဒါတွေပေးနေရတဲ့ အခါကျတော့ မိသားစုမှာ အပိုအလျှံဝင်ငွေ မရှိဘူး။ မရှိတဲ့ အခါကျတော့ အခုလို မဖြစ်မနေ သုံးစွဲနေရတဲ့ လျှပ်စစ်ခ ထပ်တိုးလိုက်မယ်ဆိုရင် သူတို့မှာ ပိုပြီးတော့ ကျပ်တည်းသွားမယ်လို့ ကျွန်တော်တို့က ယူဆတယ်။ နောက်ဆက်တွဲက အစိုးရဘက်က ပြောတာတော့ တစ်နှစ်ကို ဘီလျံ ၆၀ဝ လောက် အရှုံးပြနေတယ်။ တစ်နေ့ကို နှစ်ဘီလျံလောက် ရှုံးတယ်။ ဒီအရှုံးကို ကာမိဖို့အတွက် တိုးရတယ်ပေါ့။ ကျွန်တော်တို့နိုင်ငံမှာ အခုဖြစ်နေတာက အစိုးရက တာဝန်ယူပြီးတော့ လျှပ်စစ်ကို ဖြန့်ဖြူးပေးတဲ့ အခြေအနေ ဖြစ်တော့ အစိုးရမှာ တာဝန်ရှိတယ်လို့ ပြည်သူတွေက မြင်တာပေါ့။ နိုင်ငံတကာမှာတော့ အစိုးရက ဈေးသတ်မှတ်တယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေက လျှပ်စစ်ကို ဖြန့်ဖြူးပေးတယ်။ ဒီမှာကျတော့ ဒီလိုလုပ်တာက အစိုးရလုပ်တယ်လို့ပဲ မြင်တယ်ပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ ပြန်စဉ်းစားရမှာက လျှပ်စစ်သုံးစွဲမှုရဲ့ ထက်ဝက်နီးပါက ရန်ကုန်တိုင်းဒေသကြီးက သုံးစွဲနေတာ ဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အပေါ်မှာတော့ အများကြီး သက်ရောက်မှု ရှိသွားနိုင်တယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်တဲ့ ပြည်သူလူထု အပေါ်မှာ ကျွန်တော့်မဲဆန္ဒနယ်ကလည်း ဒီအထဲမှာ ပါတဲ့အတွက် အခုက တိုးလိုက်တာက ၁၂၅ ကျပ် ဖြစ်တဲ့အတွက်ကြောင့် သူကယူနစ်အလွှာ အလိုက်တော့ ရှိတယ်ပေါ့။ သို့သော် ဒါက အောက်ကပေးထားတဲ့ သက်သာခွင့်တွေ ၃၅ ကျပ်တို့၊ ၅၀ တို့၊ ၉၀ တို့ အဲဒီယူနစ် သက်သာခွင့်တွေက သိပ်ပြီးတော့ လက်တွေ့မကျဘူးပေါ့နော်။ တကယ်တမ်း ပြည်သူလူထုက ဆောင်ရမှာက ၁၂၅ ကျပ်ဖြစ်သွားတယ်ဆိုတဲ့ ဟာကိုပဲ လူတွေက သိကြတယ်။ တကယ်လည်း အမှန်ပါပဲ။ အိမ်ထောင်စုတွေမှာ သုံးစွဲယူနစ်ပမာဏကို တိုင်းကြည့်မယ်ဆိုရင် ၁၂၅ ယူနစ်ဝန်းကျင်လောက် ဆောင်ကြရမှာပဲ။ အကုန်လုံးက။ နှစ်ဆလောက် တက်သွားတဲ့သဘော ဖြစ်သွားမှာပေါ့။ ၅၀ ကနေ ၁၂၅။ အဲဒီအခါမှာ ဒီဟာကိုပေးဖို့ အတော်လေး ရုန်းကန်ရမယ်လို့ ကျွန်တော်မြင်တယ်။ နိုင်ငံတကာမှာဆို စီးပွားရေး ကျပ်တည်းတဲ့အချိန်မှာ အစိုးရကနေပြီးတော့ ပြည်သူလူထု လက်ထဲမှာ ငွေပိုရှိအောင် ဆိုပြီးတော့ အစီအစဉ်တွေ ဆောင်ရွက်တာရှိတယ်။ အခုဒီမှာကျတော့ ဒီလိုလုပ်လိုက်တဲ့ အခါကျတော့ မကျေနပ်ချက်တွေကတော့ တော်တော်လေး တိုးလာမယ်။ ကျွန်တော်တို့လည်း ဒီကိစ္စကို တော်တော်လေး ဖြေရှင်းရမယ်လို့ ထင်ပါတယ်။ ပြည်သူလူထုကတော့ သိပ်ပြီးတော့ သဘောကျတဲ့ လက္ခဏာတော့ မတွေ့ရဘူးပေါ့နော်” လို့ မင်္ဂ္လာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။25062019-18.jpgလျှပ်စစ်မီတာခ တိုးမြှင့်မှုအပေါ် နယ်ပယ်အသီးသီးမှ ဝေဖန်မှုများ
ဦးစိုင်းညွန့်လွင် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဌ-၁)ဒီမိုကရေစီအစိုးရခေတ်မှာ ရွေးကောက်ပွဲနီးလေ မတိုးသင့်လေပဲ။ ဒါပေမဲ့ ဒါက အစိုးရကနေ စိုက်ထုတ်ရတဲ့ငွေက တအားများလာတယ်လေ။ နောက်ပြီးတော့ နိုင်ငံရေးအရ အပြစ်တင်တာတွေလည်း ရှိလာတယ်။ ဘာတုန်းဆို နေရာတိုင်းမှာ မီးမရဘူး။ ဒါပေမဲ့ နေရာတိုင်းမှာ အခွန်ဆောင်ရတယ်။ အဲဒီအခွန်တွေနဲ့ပဲ မီးရတဲ့သူတွေက အသာစီးရသလို ဖြစ်နေတာပေါ့နော်။ အဓိကကတော့ အစိုးရက စိုက်ထုတ်နေရတဲ့ ကိစ္စပါပဲ။ အစိုးရစိုက်ထုတ်တာ နည်းသွားအောင်လုပ်တယ်လို့ ထင်ပါတယ်။ဦးသောင်းအေး (ပြည်ခိုင်ဖြိုးပါတီ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)အများနည်းတူပါပဲ။ ဒီဟာကြီးက လျှပ်စစ်မီတာခက ဒေါ်စုကြည်ကိုယ်တိုင်တောင် ပြောထားတာပဲလေ မဟုတ်ဘူးလား။ ငါတို့ထပ်ပြီး ဘာပြောစရာလိုမလဲ။ တိုင်းပြည်ရဲ့ လိုအပ်ချက်ရှိနေတာကတော့ မှန်တာပေါ့ကွယ်။ ဒါပေမဲ့ တခြားနည်းလမ်းတွေ ရှာကြံပြီးတော့ လုပ်ရမှာပေါ့။ ခေတ်အဆက်ဆက် ဒီလိုပဲထိန်းသိမ်းပြီး လုပ်ခဲ့တာလေ။ ဒီလိုတိုးမြှင့်လိုက်တဲ့အတွက် မလိုလားအပ်တဲ့ပြဿနာတွေ ဘာတွေဖြစ်မလဲဆိုတာပဲ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖို့လိုတယ်။ နောက်တစ်ခုကလည်းပဲ ဒီလျှပ်စစ်ဓာတ်အားတက်တယ်ဆိုတာကလည်း တက်တယ်လို့ ဒီရက်ပိုင်းမှာ ကြေညာတာလည်းပဲ နည်းနည်းထူးဆန်းသလိုပဲ။ ဘာကြောင့်လဲဆိုတော့ အမျိုး၊ ဘာသာ၊ သာသနာနဲ့ပတ်သက်ပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို တစ်နိုင်ငံလုံးနီးပါး လှုံ့ဆော်နေတဲ့အတွက်၊ အားလုံးဆန္ဒဖော်ထုတ်နေတဲ့အတွက် ဒီဟာတွေကို နည်းနည်းလေး တစ်ဖက်လမ်းကြောင်းပြောင်းအောင်များ လုပ်သလားလို့ အန်ကယ်ကတော့ ဒါဖြည့်တွေးကြည့်တာပါ။ တကယ်တော့ လျှပ်စစ်ဓာတ်အား တက်လိုက်လို့ရှိရင် ကျန်တဲ့ဟာတွေ အများကြီး ဒုက္ခရောက်ကုန်မှာလေ။ ကုန်ဈေးနှုန်းတွေလည်းတက်၊ အဓိကကတော့ ပြည်သူများ ဒုက္ခရောက်မယ့် အနေအထားလေ။ အစိုးရအနေနဲ့ကတော့ လိုအပ်ချက်တွေရှိတာပဲ။ ဝန်ကြီးဌာနတွေ ဖွဲ့ကတည်းက ငွေရှာတဲ့ ဝန်ကြီးဌာနတွေရှိတယ်။  တိုင်းပြည်အတွက် အလုပ်အကျွေးပြုရတဲ့ ဝန်ကြီးဌာနတွေရှိတယ်။ ဒါဟာ သဘာဝပဲလေ။ ဒါတွေကို အစိုးရလုပ်တဲ့သူက သေသေချာချာ စဉ်းစားပြီးတော့ မျှအောင်နည်းလမ်းတွေ ရှာကြံပြီး လုပ်သွားတာက ပိုအကောင်းဆုံးဖြစ်မယ် ထင်တယ်လေ။ အဲဒါကြောင့်မို့လို့ ဒီအဖွဲ့တွေ ဒီလိုလုပ်တာဟာ သာမန်စဉ်းစားရင်လည်းပဲ လိုအပ်လို့လုပ်တယ်လို့ ပြောလို့ရတယ်။ တစ်ဖက်က စဉ်းစားရင်လည်း နိုင်ငံရေးအရများ ကစားတာလား။ ဖြစ်လာမယ့်ပြဿနာတွေ သူတို့လည်းမြင်တာပဲလေ။ ဒါကြောင်မို့လို့ ဒါလေးကတော့ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီးတော့ ချင့်ချိန်လုပ်သင့်တဲ့ကိစ္စလို့ ပြောချင်ပါတယ်။အကျိုးဆက်တွေတော့ လူထုက အခုထက်ထိအခွန်အခတွေ တိုးလာတဲ့အတွက် ဒုက္ခရောက်နေတဲ့ကြားထဲမှာပဲ မီတာခတွေတိုးလာတဲ့အတွက် လူထုမှာ အများကြီးဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာမယ်။ နောက်တစ်ခုက အဲဒီမီတာခပေါ် မူတည်ပြီးတော့ ထုတ်လုပ်မှုတွေ၊ ကုန်ကျစရိတ်တွေလည်း တက်လာမယ်လေ။ တက်လာရင် ကုန်ဈေးနှုန်းတွေ ကြီးလာမှာပေါ့ကွယ်။ အဆုံးပြောမယ်ဆိုရင်တော့ ငွေကြေးဖောင်းပွမှု ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ကတောင် ဝေဖန်ထားတယ်လေ။ အဲဒီအကျိုးဆက်တွေဖြစ်ရင် စီးပွားရေးတောင်မှ ဒုက္ခရောက်သွားနိုင်တယ်။ တိုင်းပြည်ရဲ့စီးပွားရေးဟာ အခုက အနိမ့်ဘက်ကို ဆင်းနေတာလေ။ နောက်ဆုံးပျက်စီးဆုံးရှုံးသွားနိုင်တဲ့ အနေအထားတွေဖြစ်လာနိုင်တဲ့အထိ ပြန်ကြည့်ရမှာပေါ့ကွယ်။ ဒါကတော့ ကြိုတင်မျှော်တွေးကြည့်တာပေါ့။ အဓိကကတော့ လောလောဆယ်ဖြစ်လာတဲ့အတွက် ကုန်ဈေးနှုန်းကြီးတာကတော့ သေချာတယ်။ နောက်တစ်ခါ စောစောက ငွေကြေးဖောင်းပွမှုက ဖြစ်လာမှာသေချာတယ်။ လူထုမှာရော ဝန်ထုပ်ဝန်ပိုးဖြစ်လာမှာ သေချာတယ်။ အဲဒီအပေါ်မူတည်ပြီး လူထုမခံမရပ်နိုင်ဖြစ်လာရင် ဆူပူမှုတွေအထိ ထပ်ဖြစ်လာနိုင်တာပေါ့။ ဒါကတော့ အားလုံးခြုံပြီးတော့ သုံးသပ်ကြည့်ရင် တွေ့ရမယ့်အကျိုးဆက်တွေပေါ့နော်။ဦးကျော်ကျော်ထွန်း (လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)နှစ်စဉ်ဘတ်ဂျက်တွေမှာ လျှပ်စစ်က အရှုံးပေါ်နေတာ၊ များများသုံးလေများများ ရှုံးလေဖြစ်နေတာ။ လျှပ်စစ်မီးကလည်း မရှိမဖြစ် ဖြစ်နေတာ၊ တိုးတော့တိုးကောက်ရမယ်။ ဒါပေမဲ့ လူတွေအဆင်ပြေနိုင်လောက်တဲ့ နှုန်းတွေနဲ့ သေချာဆုံးဖြတ်ပြီးတော့မှ လုပ်တဲ့ကိစ္စပါ။ လျှပ်စစ်မီးရဲ့အရှုံးပေါ်မှုက နိုင်ငံစီးပွားရေးကို တော်တော်ထိခိုက်တယ်။ ထားဝယ်တွေမှာဆိုရင် တစ်ယူနစ်က လေးငါးရာပေးနေရတာ။ အဲဒါနဲ့ယှဉ်ရင်တော့ အများကြီးတော်ပါသေးတယ်။ မလိုအပ်ဘဲနဲ့ လျှပ်စစ်မီးကိုမသုံးနဲ့၊ ချွေတာလိုက်တာ မီတာခသက်သာသလို အခြားသူတွေပါ မျှသုံးလိုက်လို့ရတယ်။ မီတာလေလွင့်ဆုံးရှုံးမှုတွေက ပထမပိုင်း တော်တော်များတယ်။ အခုတော့ တော်တော်လေးကာမိအောင် လုပ်လာနိုင်တယ်။ ဒီနှစ်ဆိုရင် လျှပ်စစ်အရှုံးက ဘီလျံ ၆၀ဝ လောက်ရှိတယ်။ ဘီလျံ ၆၀ဝ ဆိုတာ ရန်ကုန်တိုင်းတစ်တိုင်းလုံးရဲ့ ဘတ်ဂျက်စာ လောက်ရှိတယ်။ အဲဒီလောက်ကိုရှုံးနေတယ်။ ဝန်ဆောင်မှုပေးနေတာကလည်း ပြည်သူအားလုံးရဲ့ငွေပဲ။ ပြည်သူအခွန်အကောက်တွေနဲ့ လုပ်နေရတာ ဒီမှာအရမ်းရှုံးနေရင် အခြားဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာ လုပ်နိုင်မလဲ။ တကယ်တမ်းတော့ မီးမှန်နေရင် လုပ်ငန်းရှင်တွေက ကိုက်တယ်။ မီးစက်တွေအသုံးပြုရလို့ ပိုကုန်နေတာ။ အဲဒါအတွက်ကိုလည်း ဒီဟာကိုအကြောင်းပြပြီး ကုန်ဈေးနှုန်းတက်တယ်ဆိုတာကတော့ မဖြစ်သင့်ဘူး။ဦးနေမျိုးထက် (ကျောက်တံတားမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)အစိုးရအနေနဲ့ အရှုံးခံလာတာကြာပြီပေါ့နော်။ ကြာလာပြီဆိုတော့ ဒီမီတာခကိုပြောင်းလဲဖို့ လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်ထဲက စပြီးတော့ လုပ်ဆောင်တယ်ပေါ့နော်။ ဒါပေမဲ့လည်း ကျွန်တော်တို့အတက်နိုင်ဆုံး မပြောင်းလဲဘဲဖြစ်အောင် အတတ်နိုင်ဆုံးလုပ်ခဲ့တယ်။ ဒါပေမဲ့ အခုနောက်ပိုင်း မီးသုံးစွဲမှုတွေက တအားကိုမြင့်တက်လာတယ်။ မြင့်တက်လာပြီးတော့ ကျွန်တော်တို့ဆီက ရေအားလျှပ်စစ်နဲ့ ထုတ်နိုင်တဲ့ ပမာဏထက်ကိုကျော်ပြီးတော့ သဘာဝဓာတ်ငွေ့တို့၊ တခြား LNG  တို့နဲ့ အမြန်ဆုံး လုပ်ဆောင်ရတော့မှာပေါ့နော်။ လုပ်ဆောင်ရမယ့် အခါကျတော့ အရင်းဈေးကိုက ၈၀၊ ၉၀၊ ၁၀ဝ လောက်ရှိတယ်။ ဆိုတဲ့အတွက် နိုင်ငံတော်ငွေနဲ့ တစ်တိုင်းပြည်လုံး မီးလင်းနိုင်ရေး၊ မြို့ရောတောရော မကျန်ပေါ့နော်။ ခုက မြို့ဘက်တွေပဲလင်းပြီးတော့ တစ်နိုင်ငံလုံးလင်းနိုင်ဖို့အတွက်ကျတော့ ဓာတ်အားတွေတိုးချဲ့မှာလည်း အများကြီးချဲ့မယ်။ မီးမပြတ်တောက်အောင် လုပ်မယ်ပေါ့နော်။ လုပ်မယ့်အတွက် ဒီလမ်းကိုနောက်ဆုံးရွေးချယ်လိုက်တာလို့ ပြောချင်ပါတယ်။နှုန်းထားတွေကတော့ အောက်ခြေလူတန်းစား၊ အောက်ခြေလူတန်းစားဆိုတာ လျှပ်စစ်မှာ ဘယ်လိုခွဲခြားလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ များသောအားဖြင့် တီဗွီလောက်တော့ရှိနေပါပြီ။ တီဗွီလောက်ပဲရှိတဲ့ ဒီအောက်ခြေလူတန်းစားတွေကတော့ သိပ်မပြောင်းလဲအောင် ၃၅ ကျပ်၊ ၅၀ ကို ထပ်ထားပေးတယ်ပေါ့နော်။  အဓိကကတော့ အိမ်တစ်အိမ်မှာ အဲကွန်းသုံးတဲ့လူတန်းစားကတော့ ပြောင်းလဲသွားမယ့်သဘော ရှိပါတယ်။ အခြေခံလူတန်းစားတွေ ထိခိုက်မှုနည်းအောင် ပြုလုပ်ထားတာပါ။ပြောင်းလဲလိုက်တဲ့ပုံစံကတော့ ဝေဖန်မှုတွေကတော့ ရှိမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေအနေနဲ့ ဒီအပိုင်းမှာ ပိုက်ဆံပိုပေး ရမယ်ဆိုတာကို ဝေဖန်မှုအနေနဲ့ရှိလာနိုင်တယ်။ ရှိလာနိုင်ပေမယ့်လည်း ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ခေတ်အဆက်ဆက်မှာလည်း ဓာတ်ဆီဈေးနှုန်းဆိုလည်း အဲဒီလိုပဲ။ ပြောင်းလဲခဲ့ရတယ်။ ပုံမှန်တစ်ခုရောက်သွားတယ်။ ပြီးတော့ တယ်လီဖုန်းခဆိုလည်း ပြောင်းလဲခဲ့ရတယ်။ ပြောင်းလဲတဲ့အတွက် နိုင်ငံတကာမှာ ဆက်သွယ်ရေး System ကုမ္ပဏီတွေ ဝင်လာပြီးတော့ ဆက်သွယ်ရေးက ကောင်းလာတယ်ပေါ့နော်။ အဲဒီလိုပဲ လျှပ်စစ်ကိုလည်း ပြောင်းလဲရတယ်။ ပြောင်းလဲတဲ့အတွက် ဝေဖန်မှုတွေကရှိမယ်။ ရှိတဲ့အတွက် လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ မီတာ ကောက်တဲ့အခါမှာ မှန်မှန်ကန်ကန်နဲ့ မှားယွင်းမှုမရှိအောင်၊ ပြည်သူတွေမနစ်နာအောင် အတတ်နိုင်ဆုံး ဌာနအနေနဲ့ လုပ်ဆောင်ရင်၊ ဝန်ဆောင်မှုလည်းကောင်းလာမယ်ဆိုရင်  ဝေဖန်မှုတွေက တဖြည်းဖြည်းနဲ့လျော့ကျလာမယ်လို့ ထင်ပါတယ်။ဒေါက်တာလှမိုး (ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး)ပြောရရင်တော့ လက်ရှိလျှပ်စစ်မီတာကို ရရှိသုံးစွဲနေကြတဲ့သူတွေက တိုင်းပြည်ရဲ့ သုံးပုံပုံတစ်ပုံလောက်ပဲရှိတယ်။ လျှပ်စစ်မီးရရှိရေးအတွက် ကျန်တဲ့လူတွေက မျှဝေခံကြရတဲ့ သဘောပါပဲ။ အဲဒီအတွက် လုပ်သင့်လုပ်ထိုက်တဲ့ဟာတစ်ခုကို လုပ်တာပါ။ လုပ်သင့်လုပ်ထိုက်တာ ကြာခဲ့ပါပြီ။ အစိုးရအဆက်ဆက်က ပြည်သူတွေရဲ့ အမုန်းခံရမှာကို စိုးတဲ့အတွက် မလုပ်ရဲခဲ့တဲ့ဟာတွေ ဒီနှစ်မှာတော့ NLD ပါတီနဲ့ ဦးဆောင်နေတဲ့အစိုးရဟာ လုပ်သင့်လုပ်ထိုက်တာတစ်ခုကို လုပ်ခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်။ အမှန်တကယ်သုံးစွဲမယ့်သူတွေအတွက် ဈေးတွေအများကြီးကျသင့်မှာ မဟုတ်ပါဘူး။ တကယ်ကို ဇိမ်ခံတဲ့လူတွေအတွက်ကတော့ ကျသွားမှာပေါ့လေ။ တကယ်ကို မရှိမဖြစ်သုံးရတဲ့ လျှပ်စစ်ရတဲ့လူတွေအတွက်ကတော့ အားလုံးထိုက်သင့်တဲ့ဟာလေးတစ်ခုပဲ နည်းနည်းလေးပဲ ပိုတာပဲဖြစ်ပါတယ်။ ကျန်တဲ့ဟာအတွက်ကတော့ အများကြီးပိုတာ မရှိပါဘူး။ နိုင်ငံတော်က စိုက်ထုတ်ရတာတွေ နည်းသွားမယ်ဆိုရင် တစ်နှစ်တစ်နှစ်ကို ဘီလျံကိုးရာလောက် နိုင်ငံတော်က လျှပ်စစ်အတွက် စိုက်ထုတ်နေရတယ်ဆိုတာ တော်တော်သဘာဝမကျတဲ့ ကိစ္စလေ။ အဲဒီလိုစိုက်ထုတ်နေရတဲ့အတွက်ကြောင့် တိုင်းပြည်ရဲ့ ဘတ်ဂျက်အနေအထားအရ ကျန်တဲ့မီးမရသေးတဲ့ တိုင်းရင်းသားဒေသတွေမှာ ကျွန်တော်တို့ မီးမပေး နိုင်ခဲ့ဘူး။ ဒါဟာ ဒီလိုမျိုးလုပ်လိုက်ခြင်းအားဖြင့် နံပါတ်(၁) တိုင်းပြည်က စိုက်ထုတ်ငွေ လျော့သွားမယ်ဆိုရင် ကျွန်တော်တို့ကျေးလက်ဒေသတွေ၊ တိုင်းရင်းသားဒေသတွေမှာ လျှပ်စစ်မီး ဒီထက်ပိုမိုရရှိအောင် စွမ်းဆောင်နိုင်မှာ ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ အဓိက ကတော့ လျှပ်စစ်မီးကို စနစ်တကျသုံးစွဲကြမယ်၊ မလိုလားအပ်ရင် ပိတ်မယ်ဆိုလို့ရှိရင် ဒါသိပ်ပြီး ကျသင့်ကြမှာ မဟုတ်ပါဘူး။ ဥပမာဆိုကြစို့ ယူနစ်နှစ်ရာအတွင်းဆိုလို့ရှိရင် ပုံမှန်ထက် နည်းနည်းလောက်ပဲ တစ်ရက်ကို တစ်ရာ၊ နှစ်ရာလောက်ပဲ ပိုပြီးဆောင်ရတဲ့ သဘောပါပဲ။ ယူနစ်နှစ်ရာအတွင်းမှာဆိုရင်ပေါ့။ ယူနစ်နှစ်ရာဆိုတာ မိသားစုတစ်စုမှာ ကောင်းကောင်းကြီးသုံးလို့ရတဲ့ အနေအထားလေ။ အဲဒီအတွင်းမှာဆိုလို့ရှိရင် ပုံမှန်ထက် တစ်ရက်ကို တစ်ရာနဲ့ နှစ်ရာကြားလောက်ပဲ ပိုပေးရတဲ့သဘောပါပဲ။ ပုံမှန်တစ်ရာနဲ့ နှစ်ရာကြား ပိုပေးရတယ်ဆိုတာ အိမ်ထောင်စုတစ်စုအတွက် ဘာမှမသိလှပါဘူး။ ဒီထက်ပိုများပြီး အဲကွန်းတွေဖွင့်မယ်၊ လုပ်ငန်းတွေအတွက်သုံးမယ်၊ မီးတွေတအားကြီးသုံးမယ်ဆိုရင်တော့ ပိုပြီးကျခံရမှာပေါ့။ အဲဒီအတွက် လျှပ်စစ်မီးကို စနစ်တကျသုံးစွဲတတ်လာမယ်။ လျှပ်စစ်မီးမရတဲ့ ဒေသတွေအတွက်လည်း လျှပ်စစ်မီးရလာမယ်။ တိုင်းပြည်ရဲ့ ဘဏ္ဍဍာငွေယိုပေါက်တစ်ခုလည်း ပိတ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဆရာတို့ကတော့ ကြိုဆိုပါတယ်။ ဒီလိုလုပ်တဲ့အတွက် ကျေနပ်တယ်။ ခုလက်ရှိလည်း မကျေနပ်တဲ့လူလည်း ရှိတယ်။ ဒါပေမဲ့ ဆရာတို့ အဓိကရည်ရွယ်တာကတော့ နံပါတ် (၁) တိုင်းပြည်ရဲ့စိုက်ထုတ်ငွေ လျော့နည်းသွားတာနဲ့ တစ်ပြိုင်နက် တိုင်းရင်းသားဒေသတွေ၊ မီးမရတဲ့ဒေသတွေမှာ လျှပ်စစ်မီး ဒီထက်ပိုမိုရရှိလာပြီးတော့ သူတို့ဒေသတွေရဲ့ လူမှုစီးပွားဘဝတွေ ပိုမိုဖွံ့ဖြိုးလာမှာဖြစ်တဲ့အတွက် ဆရာတို့ကတော့ ကြိုဆိုပါတယ်။

No comments:

Post a Comment