Thursday, June 27, 2019

ငါးသားပေါက်ရာသီအတွင်း ကော့သောင်း ပင်လယ်ပြင်တွင် ငါးခိုးဖမ်းနေသည့် ငါးဖမ်း လှေငါးစင်းကို တပ်မတော် (ရေ) က ဖမ်းဆီး

ငါးသားပေါက်ရာသီအတွင်း ကော့သောင်း ပင်လယ်ပြင်တွင် ငါးခိုးဖမ်းနေသည့် ငါးဖမ်းလှေ ငါးစင်းကို တပ်မတော်(ရေ)မှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ြ မန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်ရာသီကို ဇွန်၊ ဇူလိုင်၊ သြဂုတ်လများအဖြစ် သတ်မှတ်ထားပြီး ပင်လယ်ပြင်အတွင်း ငါးဖမ်းလှေများကို ရာနှုန်းပြည့် ငါးဖမ်းဆီးခွင့် ပိတ်ပင်ထားကြောင်း၊ ငါးသားပေါက် ရာသီအဖြစ် ငါးဖမ်းဆီးခွင့် ရာနှုန်းပြည့် ပိတ်ထားသော်လည်း ငါးခိုးဖမ်းသည့် လှေများ ရှိနေသည်ကို တပ်မတော်(ရေ)မှ ပင်လယ်ပြင်စိုးမိုးရေး လုပ်ဆောင်ကာ ကင်းလှည့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။



တပ်မတော် (ရေ) မှ ဗိုလ်မှူး ညီညီနိုင် ဦးစီးသည့် T-201 စစ်ရေယာဉ်မှာ တိုက်ကင်း လှည့် နယ်မြေရှင်းလင်းနေစဉ် ဇွန် ၂၁ ရက် က မသင်္ကာဖွယ် ရေဒါပစ်မှတ် တစ်ခုအား တွေ့ရှိရပြီး သွားရောက် စစ်ဆေးစဉ် ဘူးလက်အော် အရှေ့ဘက်တွင် ငါးဖမ်းလိုင်စင် သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသည့် ငါးကွမ်းရှပ် ငါးဖမ်းပိုက်လှေ တစ်စင်းအား မြန်မာတရားခံ ခုနစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အတူ တပ်မတော် (ရေ) မှ ဗိုလ်ကြီး ဇော်မျိုးကို ဦးစီးသည့် စစ်ရေယာဉ် (၄၂၅ )မှာ ပင်လယ်ပြင်အတွင်း နယ်မြေရှင်းလင်း ကင်းလှည့်နေစဉ် မသင်္ကာဖွယ်ရာ ရေဒါပစ်မှတ် လေးခု တွေ့ရှိရသောကြောင့် သွားရောက် စစ်ဆေးရာ ကြံ့ချိုကျွန်း အနောက်မြောက်ဘက်တွင် ချောချောအမည်ရှိ တရားမဝင် ပလာတူး ငါးဖမ်းလှေ တစ်စင်း၊ ကြံ့ချိုကျွန်း မြောက်ဘက်တွင် တိုးတိုးလှိုင် (၇၄) အမည်ရှိ တရားမဝင် ပလာတူး ငါးဖမ်းလှေ တစ်စင်း၊ ပလော်ကာကျန်လိုကျွန်း အနောက်မြောက်ဘက်တွင် တိုးတိုးလှိုင် (၄) အမည်ရှိ တရားမဝင် ပလာတူး ငါးဖမ်း လှေတစ်စင်း၊ ပလော်ကာကျန်လိုကျွန်း မြောက်ဘက်တွင် တိုးတက်လှိုင်-၇၇ အမည်ရှိ ပလာတူး ငါးဖမ်းလှေ တစ်စင်း တို့အား လှေတစ်စင်းတွင် မြန်မာတရားခံ လှေသား ခုနစ်ဦးစီဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဇွန် ၂၁ ရက်မှာ ဖမ်းဆီးရမိတာပါ။ ညဘက် ၁၁ နာရီနဲ့ ၁၂ နာရီအကြားမှာ မိတာပါ။ ကော့သောင်းမြို့ကနေ မိုင် ၂၀ အကွာလောက် ရှိတဲ့နေရာမှာပါ။ ပလော်ကာကျန်လိုဆိုတဲ့ ကျွန်းနားမှာ ဖမ်းမိတာပါ။ စုစုပေါင်း ငါးစင်း မိတာပါ။ လှေတစ်စင်းမှာ ခုနစ်ဦးပါတယ်။ ငါးစင်းဆိုတော့ စုစုပေါင်း ၃၅ ဦး ပါတယ်။ လှေလုပ်သားက ငါးဦးစီ ပါတယ်။ တစ်စင်းက စည်းပျက်လှေအဖြစ် မိတယ်။ ကျန်တာက ငါးခိုးဖမ်းနေတုန်း မိတာပါ။ ငါးလုပ်ငန်း ဦးစီးဌာနကို ကျွန်တော်တို့ လွှဲပြောင်းပေးလိုက် ပြီးပါပြီ။ ငါးဦးစီးက လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူ ဆောင်ရွက်ပါလိမ့်မယ်။ ငါးသားပေါက်ရာသီမှာ ဒါက ဒုတိယအကြိမ် ဖမ်းဆီးရမိခြင်း ဖြစ်ပါတယ်” ဟု ကမ်းရိုးတန်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောကြားသည်။

တပ်မတော်မှ ဖမ်းဆီးရမိထားတဲ့ ငါးခိုးဖမ်းသည့် လှေများကို ဇွန် ၂၄ ရက်က ကော့သောင်းမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ရာ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးအောင်နိုင်နှင့်အဖွဲ့က လက်ခံပြီး မြန်မာ့ ပင်လယ်ငါးလုပ်ငန်း ဥပဒေအရ အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

No comments:

Post a Comment