Thursday, June 27, 2019

ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းကို ကွန်ပျူတာအခြေပြု လူတစ်ဦးချင်း အင်တာဗျူးသည့်စနစ် အသုံးပြုကောက်ယူမည်

ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို Mobile Tablets များဖြင့် ကွန်ပျူတာအခြေပြု လူတစ်ဦးချင်းအင်တာဗျူးသည့်စနစ် (CAPI) ကိုအ သုံး ပြု၍ ကောက်ယူမည်ဖြစ်ကြောင်းသိရသည်။ လာမည့် နိုဝင်ဘာလတွင် ကောက်ခံမည့် ကြားဖြတ်သန်းခေါင်စာရင်းကို ကွန်ပျူတာအခြေပြု လူတစ်ဦးချင်းအင်တာဗျူးသည့်စနစ် (Computer Assisted Personal Interviewing –CAPI) နည်း ပညာကိုအသုံးပြု၍ ကောက်ယူသွားမည်ဖြစ်ကြောင်း ဇွန်၂၅ ရက်က နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင်ပြုလုပ်သည့် ၂ဝ၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အသုံးပြုမည့် မေးခွန်းပုံစံတွင်ထည့်သွင်းဖော်ပြနိုင်ရေးအတွက် အချက်အလက်အသုံးပြုသူများ အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



''ကြားဖြတ်သန်းခေါင်စာရင်းမှာလည်း အရင်တုန်းကလို စာရွက်နဲ့ ကောက်မှာမဟုတ်ဘဲ Tablet တွေနဲ့ ကောက်ယူမှာဖြစ်ပါတယ်။ CAPI လို့ခေါ်တဲ့ စက်တွေနဲ့ကောက်ယူမှာဖြစ်တဲ့အတွက် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ကောက်ယူသွားမျာဖြစ်တဲ့အတွက် နိုင်ငံတကာ အဆင့်မီတဲ့ စနစ်ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကိုလည်း သင်တန်းတွေ ပေးနေသလို ကောက်ကွက်တွေကိုလည်း တိုင်းနဲ့ပြည်နယ်တွေက သတ်မှတ်ပြီးတာ့မှ အဲ့ဒီကောက်ကွက်ပုံတွေကိုလည်း ရေးဆွဲထားပါတယ်။ အဲ့လို ကောက်ခြင်းအား ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ အနေနဲ့လည်း နောင်လာမယ့်သန်း ခေါင်စာရင်း ကောက်ယူတဲ့အခါ အထောက်အကူပြုမှာဖြစ်ပါတယ်။ လက်ရှိအနေအထားမှာလည်း တိကျတဲ့ သန်းခေါင်စာရင်းရရှိမှာ ဖြစ်ပါတယ်'' ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

လက်ရှိတွင် ကြားဖြတ်သန်းခေါင် စာရင်းကောက်ယူရန် နမူနာ ကောက်ကွက်ရွေးချယ်ခြင်းနှင့် ကောက်ကွက်အရွယ်အစား သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ် သောကြောင့် မြေပုံရေးဆွဲခြင်းနှင့် Update ပြုလုပ်ခြင်းကို ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအတွက် ရေးဆွဲထားသည့် ကောက်ကွက် မြေပုံများကို အခြေခံပြီး Google Map ၊ GIS Technology တို့ကို အသုံးပြုပြီး နမူနာကျသည့် ကောက်ကွက်များအား Digitize မြေပုံများ ထုတ်လုပ်ခြင်း၊ မြေပြင်နှင့် တိုက်ဆိုင် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယင်းအပြင် စာရင်းကောက်ကွက် ၄ဝဝဝ ကျော်အတွက် မြေပုံများ update ပြုလုပ်ခြင်းနှင့် Digitize ပြုလုပ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ် မြေ၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း၊ လက်ရှိတွင် ကယားပြည်နယ် ၊မွန် ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်နေဆဲဖြစ် ကြောင်း သိရသည်။

၂ဝ၁၉ ခုနှစ် ကြားဖြတ်သန်း ခေါင်စာရင်းကောက်ယူရန် စီစဉ်ရ ခြင်းမှာလည်း ၁ဝ နှစ် တစ်ကြိမ် ကောက်ယူသည့် သန်းခေါင်စာရင်း၏ အချက်အလက်များကို လက်ရှိအခြေအနေနှင့် ကွာဟမှုမရှိစေရန်နှင့် ပြောင်းလဲမှုကိုသိရှိနိုင်စေရန် ကမ္ဘာ့နိုင်ငံများတွင် ဆောင်ရွက် လျက်ရှိသည့် အတွေ့အကြုံများကို လေ့လာသုံးသပ်ပြီး ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီး ငါးနှစ်အကြာဖြစ်သည့် လာမည့်နို ဝင်ဘာလတွင် ကောက်ယူရန်စီ စဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment