Thursday, June 27, 2019

ရနောင်းလူသတ်မှု မြန်မာရေလုပ်သားနှစ်ဦး ၏ အယူခံအနိုင်ရ

ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုဖြင့် ထောင်ဒဏ်များချမှတ်ခံထားရသော မြန်မာရေလုပ်သားလေးဦး အနက် စိန်ကတုံးနှင့် ဝေလင်းတို့၏ အယူခံကို ထိုင်းတရားရုံးက အနိုင်ပေးလိုက်ကြောင်း အဆိုပါ အမှုကို ဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။ ထို့ကြောင့် စိန်ကတုံးနှင့် ဝေလင်းတို့ ယနေ့ (ဇွန်လ၂၇ရက်)နံနက်ပိုင်းတွင် ရနောင်းမြို့ အကျဉ်းထောင်မှ လွှတ်မြောက်လာကြောင်း ဦးထူးချစ်က 7Day Daily သတင်းစာသို့ ပြောသည်။



စိန်ကတုံးနှင့် ဝေလင်းတို့၏ အယူခံကို ၂၀၁၈ ဧပြီလတွင် ရနောင်းမြို့တရားရုံးသို့ တင်သွင်းထားခြင်း ဖြစ်သည်။

ရနောင်းမြို့တွင် ၂၀၁၅ စက်တင်ဘာ ၂၈ ရက်က (၁၈)နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦးကို စိန်ကတုံး၊ ဝေလင်း၊ မိုးဇင်အောင်နှင့်ကျော်စိုးဝင်းတို့က ဓားဖြင့် ၁၇ ချက်ထိုးသတ်ခဲ့သည်ဟူသော သံသယဖြင့် ထိုင်းရဲတပ်ဖွဲ့က ယင်းနှစ်အောက်တိုဘာ ၂၀ ရက်တွင် ဖမ်းဆီးခဲ့သည်။

ထိုင်းကျောင်းသူ အသတ်ခံရမှုဖြင့် မြန်မာလုပ်သားလေးဦးကို အပြစ်ရှိသည်ဆိုကာ ထိုင်းတရားသူကြီးက ၂၀၁၈ ဧပြီ ၁၉ရက်တွင် အမိန့်များ အသီးသီးချမှတ် ခဲ့သည်။

အမြင့်ဆုံး ပြစ်ဒဏ်ထောင်ဒဏ် ရှစ်နှစ်ချမှတ်ပြီး ဒဏ်ငွေဘတ် ၁၆ သိန်းကျော် (ကျပ်သိန်း ၇၀၀ ခန့်)ချမှတ်ခဲ့ သည်။

ရနောင်းမြို့ တရားရုံး၌ ဖမ်းဆီးခံ မြန်မာလုပ်သားလေးဦးအနက် အသက်မပြည့်သေးသည့် မိုးဇင် အောင်နှင့် ကျော်စိုးဝင်းကို သီးခြားအမိန့်ချမှတ်ပြီး စိန်ကတုံးနှင့် ဝေလင်းကို ထိုင်းတရားသူကြီးက သီးခြားအမိန့်ချမှတ်ခဲ့သည်။

ချုပ်ရက်များ ခံစားခွင့်ပြုသောကြောင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသည့် မြန်မာလုပ်သား ကျော်စိုးဝင်းသည် ယင်းနေ့တွင် ပင်လွတ်မြောက်လာသည်။

သို့ သော် ထိုင်းဥပဒေအရ အသက် မပြည့်သေးသူ ထောင်ချခံရပါက အသက်(၁၈)နှစ်ပြည့်လျှင် လွတ်မြောက်ခွင့်ရှိပြီး ထောင်လေးနှစ် ချမှတ်ခံရသော မိုးဇင်အောင်သည် အောက်တိုဘာတွင် (၁၈) နှစ်ပြည့်ခဲ့၍ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပြန်လွှတ်မြှောက်လာခဲ့သည်။

မြန်မာလုပ်သားလေးဦးအမှု ကိစ္စနှင့်ပတ်သက်ပြီး ကုန်ကျစရိတ်အားလုံးကို မက်စ်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်က တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ ဦးဇော်ဇော်သည် ရနောင်းမြို့တွင် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားများ အမှုစတင်ဖြစ်ပွားကတည်းက ကူညီပေးနေသူဖြစ်သည်။

No comments:

Post a Comment