Thursday, June 27, 2019

“သွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးနဲ့ ကုသဆေးတိတိကျကျမရှိသေးဘူး” ဟု ၀န်ကြီးဆို

မိုးရာသီမှာအဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးနဲ့ကုသဆေး တိတိကျကျမရှိသေးဘူးလို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်းက ပြောပါတယ်။ ဇွန်လ(၂၅)ရက်က မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ ပြုလုပ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၊သေဆုံးမှုလျော့နည်းကျဆင်းရေး ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို အသိပေးဆွေးနွေးပွဲအခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။



“ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များလာရခြင်းဟာ ကမ္ဘာကြီးပူနွေးလာမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုကြောင့် ခရီးသွားလာမှုများပြီး ရောဂါပိုးများ ပျံ့နှံ့တာတွေရှိတယ်လို့ ဆိုပါတယ်။ ရောဂါပိုး မျိုးကွဲအပြောင်းအလဲဖြစ်လာတာတွေရှိပြီး ကာကွယ်ဆေးနဲ့ ကုသဆေးတိတိကျကျမရှိတာကြောင့် စောစီးစွာ စနစ်တကျကုသဖို့ အရေးကြီးတယ်”လို့ ၀န်ကြီးဒေါက်တာထိန်လင်းက ပြောပါတယ်။ မွန်ပြည်နယ်မှာ အရင်နှစ်က ဒီဇင်ဘာလအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့ကြောင်း၊ ဒီနှစ်မှာလည်း ဇန်န၀ါရီလကစတင်ဖြစ်ပွားခဲ့ပြီး မိုးရွာသွန်းမှုများတဲ့ ဇွန်လမှာတော့အဖြစ်များတယ်လို့ ဆိုပါတယ်။ ကလေးတွေအပြင် လူကြီးတွေမှာပါ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာ တွေ့ရှိပါက ဆေးရုံ၊ဆေးခန်းတွေကို အမြန်ဆုံးပြသဖို့လိုအပ်တယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေမှူး ဒေါက်တာစည်သူရဲနောင်က ပြောပါတယ်။

မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအနေနဲ့ ဇန်န၀ါရီလ(၁)ရက်ကနေ ဇွန်လ(၂၂)ရက်ထိ ရောဂါဖြစ်ပွားသူ (၄၄၈)ဦးရှိပြီး သေဆုံးသူ(၂)ဦးရှိပါတယ်။ အဖြစ်အများဆုံး မြို့နယ်တွေက မုဒုံမြို့နယ်ဖြစ်ပြီး မော်လမြိုင်၊ကျိုက်မရောနဲ့ သံဖြူဇရပ်မြို့နယ်တွေမှာလည်း အဖြစ်များတယ်လို့ သိရပါတယ်။

No comments:

Post a Comment