Thursday, June 27, 2019

၂၀၃၀ ပြည့်နှစ် မတိုင်မီတွင် စက်ရုပ်များက အလုပ်အကိုင် သန်း ၂၀ ခန့်ကို အစားထိုးနေရာယူမည်

စက်ရုပ်များသည် ၂၀၃၀ ပြည့်နှစ် မတိုင်မီတွင် ကမ္ဘာတစ်ဝန်း၌ ကုန်ထုတ်လုပ်မှု အလုပ်အကိုင် သန်း ၂၀ ခန့်ကို လွှဲပြောင်း ရယူမည်ဖြစ်ပြီး စီးပွားရေး ထုတ်လုပ်မှု  တိုးတက်လာမည် ဖြစ်သော်လည်း လူမှုမညီမျှမှုများကို ပိုဆိုးစေလိမ့်မည်ဟု လေ့လာမှုသစ်တစ်ရပ်က ဖော်ပြသည်။ စက်များက ကုန်ထုတ်လုပ်မှုများ လုပ်ကိုင်လာနိုင်ခြင်းနှင့် နည်းပညာက လူသား၏ အထောက်အကူ ရယူမှု အနည်းဆုံး ဖြစ်လာခြင်းတို့သည် စီးပွားရေး အကျိုးအမြတ်ကို ပေးမည် ဖြစ်သော်လည်း ကျွမ်းကျင်မှုနိမ့် အလုပ်အကိုင်များ ပျောက်ဆုံးသွားကာ စီးပွားရေးနှင့် လူမှုရေးဖိအားများကို ပို၍ ဆိုးစေလိမ့်မည်ဟု Oxford Economics က လေ့လာမှုတွင် ဖော်ပြခဲ့သည်။



ဗြိတိန်အခြေစိုက် ပုဂ္ဂလိက သုတေသနလုပ်ငန်းနှင့် အတိုင်ပင်ခံလုပ်ငန်း  Oxford Economics ၏ လေ့လာမှုတွင် စက်ရုပ်များ တိုးတက်လာမှုကြောင့် အလုပ်အကိုင် ပျောက်ဆုံးမှုသည် ကမ္ဘာတစ်ဝန်းတွင် တစ်ပြေးညီ ဖြစ်လိမ့်မည် မဟုတ်ကြောင်း ဖော်ပြခဲ့သည်။ စက်ရုပ်များသည် ကုန်ထုတ်လုပ်မှု သန်းပေါင်းများစွာကို လုပ်ကိုင်နေပြီး ဖြစ်သည်။ ထို့ပြင် ကွန်ပျူတာအမြင်နည်းပညာ တိုးတက်လာမှု၊ အသံမှတ်သား သိနိုင်စွမ်း တိုးတက်လာမှုတို့ကြောင့် ဝန်ဆောင်မှုကဏ္ဍဍများ၌ စက်ရုပ်များက ပို၍ စွမ်းဆောင်လာနိုင်ကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။ ကျွမ်းကျင်မှု နိမ့်သော ဒေသများတွင် အလုပ်အကိုင် ဆုံးရှုံးမှုများသည် ကျွမ်းကျင်မှု မြင့်မားသော ဒေသများထက် နှစ်ဆနီးပါး ရှိလိမ့်မည်ဟု ထိုလေ့လာမှုက ကောက်ချက်ချခဲ့သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍဍမှ ထွက်လာရသော အလုပ်သမားများသည် သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေး၊ ရုံးလုပ်ငန်းများတွင် အလုပ်အကိုင်သစ်များ ရနိုင်ကြောင်း Oxford Economics က ခန့်မှန်းခဲ့သည်။

မောင်းသူမဲ့ ကားများ၊ အစားအသောက် ပြင်ဆင်မှုများတွင် စက်ရုပ်သုံးစွဲမှုများ၊ ဂိုဒေါင်လုပ်ငန်းများတွင် နည်းပညာပို၍ သုံးစွဲလာမှုနှင့် ပတ်သက်သည့် အပြင်းအထန် ဆွေးနွေးနေချိန်တွင် ယခုသုတေသန ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ နည်းပညာကို ပို၍ သုံးစွဲမှုကြောင့် အလုပ်အကိုင်များ ပို၍ ဖန်တီးနိုင်မည်ဟု ထောက်ပြခဲ့ကြသော်လည်း မကြာသေးခင် နှစ်များအတွင်းက နည်းပညာကြောင့် ကျွမ်းကျင်မှု ကွာဟချက်ကြီး ဖြစ်ပေါ်ခဲ့ကာ အလုပ်သမား အမြောက်အမြား အလုပ်အကိုင် ဆုံးရှုံးခဲ့ကြရသည်။ သို့သော်လည်း ကမ္ဘာတစ်ဝန်းတွင် စက်ရုပ်များ သုံးစွဲမှု ရာခိုင်နှုန်း ၃၀ မြင့်တက်ခဲ့ပါက ကမ္ဘာ၏ ဂျီဒီပီ ဒေါ်လာ ငါးထရီလျံ ထပ်တိုးလာလိမ့်မည်ဟု Oxford Economics က ခန့်မှန်းခဲ့သည်။ နည်းပညာသုံးစွဲမှု မြင့်တက်လာခြင်းကို ရင်ဆိုင်ရန်အတွက် လုပ်သားအင်အားထုကို ကျွမ်းကျင်မှု သင်ကြားပေးရေးအတွက် အစိုးရများက ဆောင်ရွက်ကြရန် သုတေသနက တိုက်တွန်းခဲ့သည်။

No comments:

Post a Comment