Thursday, June 27, 2019

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ဆင်းရဲနွမ်းပါးမှု အများဆုံးဖြစ်နေ

မြန်မာနိုင်ငံအတွင်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဆင်းရဲနွမ်းပါးမှုနှုန်း အများဆုံးဖြစ်ပြီး ကယားပြည်နယ်မှာတော့ အနည်းဆုံးဖြစ်တယ်လို့ ဇွန်လ ၂၇ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်မှာ ဖော်ပြပါတယ်။ြ မန်မာနေထိုင်မှု အခြေအနေစစ်တမ်း (၂၀၁၇) ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး နေပြည်တော်မှာရှိတဲ့ သင်္ဂဟဟိုတယ်မှာ အစီရင်ခံစာထုတ်ပြန်တဲ့ မိတ်ဆက်အခမ်းအနားကို ကျင်းပခဲ့တာပါ။



စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က “အိမ်ထောင်စုတွေကို စာရင်းကောက်တော့ ဒီအိမ်ထောင်စုတွေရဲ့ စားသုံးမှုမှာ food / non food အကုန်လုံးကို ကောက်လိုက်ပြီးတော့ အနိမ့်ဆုံး ကုန်ကျစရိတ်ရဲ့ အောက်မှာရောက်နေတဲ့ ဟာတွေက ကျနော်တို့ ဆင်းရဲနွမ်းပါးမှုဖြစ်တယ်ပေါ့။ ၂၀၀၅ ခုနှစ်က ၄၈ ရာခိုင်နှုန်းရှိတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၂ ဆလောက်ကျသွားပြီး”လို့ ပြောပါတယ်။

ဆင်းရဲနွမ်းပါးမှုစာရင်းအရ ချင်းပြည်နယ်မှာ ၅၈ ရာခိုင်နှုန်းရှိပြီးတော့ ဒေသတွင်း လူ ၁၀ ဦးမှာ ၆ ဦးလောက်က ဆင်းရဲနွမ်းပါးမှုနဲ့ အများဆုံး ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ကတော့  ၄၁ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ဆင်းရဲနွမ်းပါးမှု ဒုတိယ အများဆုံး ဖြစ်နေပြီး ရန်ကုန်၊ မန္တလေး၊ တနင်္သာရီတိုင်းဒေသကြီးတွေမှာတော့ ၁၃ ဒသမ ၇၊ ၁၃ ဒသမ ၂ နဲ့ ၁၃ ဒသမ ၂ ရာခိုင်းနှုန်းလောက်ပဲ ဆင်းရဲနွမ်းပါးကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

ဧရာဝတီတိုင်းမှာ ဆင်းရဲနွမ်းပါးသူ ၁ ဒသမ ၈ သန်းလောက်ရှိပြီး ကယားပြည်နယ်မှာတော့ အခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဆင်းရဲနွမ်းပါးမှု မြင့်မားပေမယ့် ဆင်းရဲနွမ်းပါးသူ ၉၁၀၀၀ လောက်ပဲရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အဲ့ဒီအစီရင်ခံစာထုတ်ပြန်နိုင်ဖို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ မြို့နယ်ပေါင်း ၂၉၆ မြို့နယ်ရှိ အိမ်ထောင်စုပေါင်း ၁၃၇၃၀ အပေါ်မှာ ကောက်ယူတွက်ချက်တာဖြစ်ပါတယ်။

No comments:

Post a Comment