Thursday, June 27, 2019

ရေမြောင်းကြီးများ သန့်ရှင်းရေးအတွက် လိုအပ်သော စက်ယန္တရားများ ဝယ်ယူမည်

ရေမြောင်းကြီးများကို သန့်ရှင်းရေးပြုလုပ်ရာ၌ လိုအပ်သော ခေတ်မီစက်ယန္တရားများအား ဘဏ္ဍာငွေခွဲဝေရရှိမှု အပေါ်မူတည်၍ ဝယ်ယူသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ဇွန်၂၅ရက် ရန်ကုန်တိုင်းလွှတ် တော်အစည်းအဝေးတွင် မင်္ဂလာ တောင်ညွန့် မြို့နယ်မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်ဦးရန်အောင်၏ ရေမြောင်းကြီးများ သန့်ရှင်းရေးပြုလုပ်ရာတွင် ခေတ်မီစက်ကိရိယာများယခု ထက်ပိုမိုအသုံးပြုရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန် မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။



''ခေတ်မီစက်ကိရိယာတွေကများစွာလိုအပ်ပါတယ်။ အသုံး ပြုဖို့လိုအပ်တဲ့ စက်ကိရိယာနဲ့ ယာဉ် တွေကို ဘဏ္ဍာငွေရရှိတဲ့အပေါ်မှာ တင်ပြတဲ့အခါကျရင် လိုအပ်ချက်အရ ဖြည့်တင်းဆောင်ရွက်ဖို့လည်းလိုပါတယ်။ အဲဒီအတွက်လည်း လာမယ့်ဒီဘဏ္ဍာငွေအခြေအနေ ရရှိမှုပေါ်မူတည်ပြီး တင်ပြပြီး တော့ တောင်းခံသွားပါမယ်''ဟု ၄င်းက ပြောသည်။ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းသုံး ယာဉ်အမျိုးအစားနှင့် လုပ်ငန်းသုံး စက်ယန္တရားအမျိုး အစားတို့ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

ရန်ကုန်စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်တွင် လုပ်ငန်းသုံးယာဉ်မှာ၂၅ စီးသာရှိပြီး အမှန်တကယ် လိုအပ်သည်မှာ ၆၆စီးဖြစ်သော ကြောင့် ၄၁ စီးလိုအပ်လျက်ရှိသည်။ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်း ဆောင်ရွက်ရန်မြေပြင်နှင့် ချောင်းမြောင်းများတွင်ပါ အသုံးပြု သည့်လုပ်ငန်းသုံး စက်ယန္တရားမှာ ရှစ်စီးသာရှိနေပြီး အမှန်တကယ် လိုအပ်သည်မှာ ၁ဝစီးဖြစ်သဖြင့် နှစ်စီးထပ်မံဖြည့်တင်းရန် လိုအပ် ကြောင်းသိရသည်။

No comments:

Post a Comment