Sunday, June 23, 2019

ပင်လယ်ပြင်၌မျောနေသည့် ဗီယက်နမ်ရေယာဉ်ကို တပ်မတော်ကယ်ဆယ်

Image may contain: ocean, sky, outdoor, water and natureမြန်မာ့ပင်လယ်ပြင်မှာ မျောနေတဲ့ ဗီယက်နမ် ရေယာဉ်တစီးကို မြန်မာ့တပ်မတော်က ကူညီကယ်ဆယ်ပေးခဲ့တယ်လို့ ဇွန် ၂၂ ရက်က သတင်းထုတ်ပါတယ်။ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နယ် မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဇွန် ၂ဝ ရက် မနက် ၆ နာရီလောက်က ဟိုင်းကြီးကျွန်းတောင်ပေါ်မှ ရေဒါကြည့် တာဝန်ထမ်းဆောင်စဉ် ဗီယက်နမ်နိုင်ငံမှ TC Dragon အမည်ရှိ တွဲဆွဲရေယာဉ်ဟာ Preparis North Channel အတွင်း ဖြတ်သန်းသွားလာရာ ဟိုင်းကြီးကျွန်းရေဒါစခန်းရဲ့ အနောက်တောင်ဘက် ၅၂ မိုင်ခန့်အကွာမှာ ရေမျောလျက် ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ ရေယာဉ်နဲ့ မနက် ၉ နာရီ မိနစ် ၂ဝ လောက်မှာ အဆက်အသွယ်ရရှိခဲ့ပြီး Oil Rig Platform အားတွဲဆွဲ၍ ဗီယက်နမ်နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ဖို့ ဇွန် ၁ ရက်က စတင်ထွက်ခွာလာခဲ့တာလို့ ဆိုပါတယ်။

ရာသီဥတုဆိုးရွားပြီး လှိုင်းကြီးတာကြောင့် တွဲဆွဲကြိုးတချောင်း ပြတ်တောက်ကာ Oil Rig Platform မှာ တိမ်းစောင်းမှု ဖြစ်ပေါ်ခဲ့ပြီး ပုသိမ်မီးပြ အနောက်တောင်ဘက် ၁၁ မိုင်ခန့်အကွာမှာ မျောပါလျက် ရှိကြောင်း သိရပါတယ်။

ရေယာဉ်မှာ ရေယာဉ်မှူးဦးစီး ရေယာဉ်အမှုထမ်း ဗီယက်နမ်နိုင်ငံသား ၁၅ ဦးပါရှိပြီး အဆိုပါ ရေယာဉ်အား တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုံခြုံရေးနဲ့ လိုအပ်တဲ့ ကူညီမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

No comments:

Post a Comment