Sunday, June 23, 2019

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသများ အပါအဝင် မြို့နယ်အားလုံးတွင် ကျင်းပနိုင်ရေး ရည်မှန်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောကြား

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသများ အပါအဝင် မြို့နယ်အားလုံးတွင် ကျင်းပနိုင်ရန် ရည်မှန်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။ လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသအချို့၌ တိုက်ပွဲ များဖြစ်ပွားလျက်ရှိသည့်အတွက် မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ရည်မှန်းချက်နှင့် စပ်လျဉ်းပြီး ဦးမြင့်နိုင်အား မေးမြန်းရာ ゞင်းက “အားလုံးရည်မှန်းထားတာပေါ့။ ကျင်းပတော့မယ့် အခြေအနေကျ တော့ အဲဒီအချိန်နဲ့ တစ်မျိုးပေါ့။ အခုကတော့ အားလုံးရည်မှန်းပြီး ဆောင်ရွက်နေတာပေါ့” ဟု ပြောကြားသည်။



ထိုသို့ ၂၀၂၀ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ၂၀၁၉ ခုနှစ်ကို မဲစာရင်းပြုစုရေးနှစ်အဖြစ် သတ်မှတ်ကာ မဲဆန္ဒရှင်စာရင်းမူ ကြမ်းပြုစုခြင်းလုပ်ငန်းများကို ဇွန်တတိယအပတ်က စတင်ပြီး စက်တင်ဘာလကုန်အထိ ဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။


မဲဆန္ဒရှင်စာရင်းကောက်ယူရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မဲဆန္ဒရှင်စာရင်း ကောက်ယူရာမှာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပြဋ္ဌဌာန်းချက်ပါ မဲဆန္ဒနယ်တစ်နယ်မှာ နေထိုင်လျက်ရှိတဲ့ စစ်ဘေးရှောင်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူတိုင်းကို ကောက်ယူပြုစုမှာ ဖြစ်ပါတယ်”ဟု ဦးမြင့်နိုင်က ပြောကြားကြောင်း ဇွန် ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများက ဖော်ပြသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးအခြေအနေအရ တစ်မြို့နယ်လုံး ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်ခုနစ်မြို့နယ်ရှိခဲ့ပြီး အချို့မြို့နယ်များက ကျေးရွာအုပ်စုအချို့တွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ခုနစ်မြို့နယ်အနက်မှ မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ်များကို ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲကျင်းပစဉ် ထည့်သွင်းကျင်းပခဲ့သော်လည်း ကျန်မြို့နယ်များတွင် လက်ရှိ အချိန်အထိ ရွေးကောက်ပွဲမပြုလုပ်နိုင်သေးကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး နိုင်ငံရေးပါတီအချို့က ဝေဖန်မှုများရှိသော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက် ပွဲဖြစ်အောင် ဆောင်ရွက်သွားရန် သန္နိဋ္ဌဌာန်ချထားကြောင်း ကော်မရှင်က ဆိုသည်။

No comments:

Post a Comment