Sunday, June 23, 2019

အိမ်ခြံမြေကြောင့် ဘဏ်စနစ်ထိခိုက်မှုမျိုး မဖြစ်ရန် ကြိုးစားနေရသည့် ကာလတစ်ခုဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြောကြား

အိမ်ခြံမြေကြောင့် ဘဏ်စနစ်ထိခိုက်မှုမျိုး မဖြစ်စေရန် ကြိုးစားနေရသည့် ကာလတစ်ခုဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၂၂ ရက်တွင် အထက်ပန်းဆိုးတန်းလမ်းနှင့် မြန်မာ့ဂုဏ်ရည် လမ်းထောင့်တွင် ပြုလုပ်သည့် GONYI SHOPHOUSES ရတနာ ပိုင်စိုက်ထူခြင်း အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။ အိမ်ခြံမြေကဏ္ဍဍသည် မိုးပျံပူဖောင်းတက်သလို တက်ခဲ့သည့် ကာလတစ်ခု ရှိခဲ့ကြောင်း၊ ယင်းကာလ၏ ဂယက်သည် အစိုးရသစ် တာဝန်ယူသည့်အချိန်၌ တောက်လျှောက် ရိုက်ခတ်ခဲ့ကြောင်း၊ အိမ်ခြံမြေ ဈေးကွက်သည် အရှိန်အဟုန်ဖြင့် တက်ခဲ့ကြောင်း နာဂစ်မုန်တိုင်းပြီးသည့်နောက် ဆယ်စုနှစ် တစ်စုအတွင်း တက်လာခဲ့သည့် မိုးပျံပူဖောင်း ပေါက်နိုင်သည့် အခြေအနေအား အစိုးရသစ်မှ တာဝန်ယူ ထိန်းသိမ်းနေရသည့် အခြေအနေဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။



“ဘာကြောင့်လဲဆိုတော့ Banking မှာ ဘဏ္ဍဍာရေးကဏ္ဍဍနဲ့ ဘဏ်စနစ်မှာ အိမ်ခြံမြေကြောင့် ထိခိုက်သွားမှုမျိုး မဖြစ်ဖို့အတွက် ကြိုးစားနေရတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ ဒီမိုးပျံပူဖောင်း တက်ခဲ့တဲ့ အခြေအနေရဲ့ တည်ငြိမ်မှု တစ်ခုကို အခုအချိန်မှာ ရရှိနေပြီ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ တည်ငြိမ်သည့် အခြေအနေပေါ်မှ ရင်းနှီးမြှုပ်နှံသူများအတွက် သင့်တင့်မျှတသည့် ဈေးနှုန်းတစ်ခုဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် တည်ဆောက်မည့် အဆောက်အအုံများအား ဝယ်ယူမည့်သူနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက် အခွင့်အလမ်းများ ပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဒီနေရာမှာ အဆောက်အအုံတွေ SHOPHOUSES တွေ၊ Bussiness Center လိုနေရာတွေက အဆောက်အအုံကိုဝယ်ဖို့ ပြောတာမဟုတ်ပါဘူး။ နေရာတစ်ခုကို ရယူဖို့ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အဓိက ပင်မစီးပွားရေး ဗဟိုချက်ကြီး ဖြစ်လာမယ့်နေရာကို ရင်းနှီးမြှုပ်နှံသူတွေက ဝယ်ယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငွေရေးကြေးရေးကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသလို အိမ်ခြံမြေကဏ္ဍဍဟာလည်း တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဈေးကွက်တည်ငြိမ်မှုအား ရထားပါက ရင်းနှီးမြှုပ်နှံသူများအတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် အနာဂတ်သည် ကောင်းမွန်သည့် အနာဂတ်တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအား စဉ်းစားရာတွင် အစိုးရဘတ်ဂျက်ဖြင့်သာ တည်ဆောက်၍ မရနိုင်ကြောင်း၊ အများပြည်သူ ပါဝင်နိုင်ရန်နှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်သည့်ပုံစံဖြင့် ရန်ကုန်မြို့ကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။         

လက်ရှိအိမ်ခြံမြေ ဈေးကွက်သည် ရောင်းလိုအားများနေကာ ဝယ်လိုအားနည်းပါးနေပြီး အိမ်ငှားဈေးကွက်တွင် ငှားရမ်းနေထိုင်သူ များပြားနေသဖြင့် တိုက်ခန်း၊ အိမ်ငှားရမ်းခ နှုန်းထားများသည် တစ်နေ့ထက်တစ်နေ့ မြင့်တက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ စုံစမ်းသိရသည်။ 

No comments:

Post a Comment