Sunday, June 23, 2019

မီးဇိုင်းတောင်မှာအခြေချ တဲ့ ခွဲထွက်ဒီကေဘီင်္အေတပ်ဖွဲ့ဝင်အချို့ဥပဒေဘောင်ထဲဝင်ရောက်

ကရင်ပြည်နယ် ဘားအံမြို့နယ် မီးဇိုင်းတောင်မှာ အခြေချလှုပ်ရှားနေတဲ့ ခွဲထွက်ဒီကေဘီအေတပ်ဖွဲ့ဝင် အချို့ရဲ့ ဥပဒေဘောင်ထဲဝင်ရောက်တဲ့ အခမ်းအနားကို ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ခွဲထွက်ဒီကေဘီအေတပ်ဖွဲ့ဝင် ၄၅ ဦးဟာ လက်နက်ကြီးလက်နက်ငယ် ၂၉ လက်နဲ့အတူ အလင်းဝင်ရောက်လာတာပါ။ မနေ့က တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်နဲ့ မီးဇိုင်းတောင်ဆရာတော်တို့ရဲ့ ဆွေးနွေးညှိနှိုင်းသဘောတူညီချက်နဲ့ ခွဲထွက်ဒီကေဘီအေအဖွဲ့တွေဟာ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ သဘောတူညီခဲ့တာလို့သိရပါတယ်။


ခွဲထွက်ဒီကေဘီအေတပ်ဖွဲ့ရဲ့ ဥပဒေဘောင်အတွင်းဝင်ရောက်တဲ့ အခမ်းအနားတစ်ခုကို ဒီကနေ့မနက်ပိုင်းက လှိုင်းဘွဲမြို့နယ် ပန်တော်မှီရွာမှာရှိတဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်တပ်ရင်း (၁၀၁၁) မှာ ပြုလုပ်ခဲ့တာပါ။

ဒါ့အပြင် တောတွင်းက ကျန်ရှိနေသေးတဲ့ ခွဲထွက်ဒီကေဘီအေတပ်ဖွဲ့ဝင်တွေလည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ဖိတ်ခေါ်ပါတယ်လို့ ခွဲထွက်ဒီကေဘီအေခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စောတင်ဝင်းက အခုလိုပဲ ပြောပါတယ်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်ကတော့ အလင်းဝင်ရောက်လာတဲ့ ခွဲထွက်ဒီကေဘီအေအဖွဲ့အနေနဲ့ နယ်မြေဒေသဖွံ့ဖြိုးဖို့အတွက် အတူပူးပေါင်းဆောင်ရွက်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကစပြီး ဘားအံမြို့နယ် မီးဇိုင်းတောင်ဘုရားအနီးမှာ တပ်မတော် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ပူးပေါင်းအဖွဲ့နဲ့ ခွဲထွက်ဒီကေဘီအေအဖွဲ့တို့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာပါ။

ပစ်ခတ်မှုကြောင့် မီးဇိုင်းတောင်ခြေအနီးအနားက ဒေသခံရွာသား ၁၀၀ ကျော်ဟာ ကျွန်းတောရွာဘုန်းကြီးကျောင်းကို ရောက်ရှိခိုလှုံခဲ့ပါတယ်။

အလင်းဝင်ရောက်လာတဲ့ ခွဲထွက်ဒီကေဘီအေတပ်ဖွဲ့ဝင်တွေဟာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပြီး အဆိုပါပူးပေါင်းမှုတွေအတွက် မဆုံးဖြတ်ရသေးဘူလို့သိရပါတယ်။

No comments:

Post a Comment