Sunday, June 23, 2019

ချောင်းသာကမ်းခြေ သာယာသန့်ရှင်းရေးအတွက် ကမ်းခြေတွင် အမှိုက်ပုံးများ ထားရှိမည်

ချောင်သာကမ်းခြေ သာယာသန့်ရှင်းရေးအတွက် ကမ်းခြေတွင် အမှိုက်ပုံးများ ထားရှိသွားမည်ဖြစ်ကြောင်း ချောင်းသာမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ဇွန် ၂၂ ရက်တွင် ပြောကြားသည်။ေ ချာင်းသာကမ်းခြေ သန့်ရှင်းသာယာစေရန် ရည်ရွယ်၍ သြစတြေးလျ ကျောင်းသားဟောင်းများအဖွဲ့က ဦးဆောင်ကာ အမှိုက်သိမ်းပစ္စည်းများ လှူဒါန်းသည့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


လက်ရှိတွင် ချောင်းသာကမ်းခြေ သာယာလှပရေးအတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေး ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်လျက် ရှိသည့်အပြင် နံနက် ၆ နာရီမှ ည ၆ နာရီအတွင်း အမှိုက်ကောက်မှုများကိုလည်း နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း ချောင်းသာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောကြားသည်။


“ကမ်းခြေမှာ အမှိုက်ပုံး တကယ်လိုအပ်ပါတယ်။ အခု ဒီလှူဒါန်းတဲ့ အမှိုက်ပုံး ၂၅ ပုံးကို ကမ်းခြေ တစ်လျှောက်မှာ ချပြီးတော့ ကျွန်တော်တို့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က စောင့်ရှောက် သွားမှာပါ” ဟု ချောင်းသာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောကြားသည်။

ချောင်းသာကမ်းခြေမှာ ယခင်က အမှိုက်များနှင့် စွန့်ပစ်ပစ္စည်းများပြားခြင်း ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှုမရှိခြင်း စသည်တို့ကြောင့် ခရီးသွားဝင်ရောက်မှု လျော့နည်းခဲ့သော်လည်း လက်ရှိ ကမ်းခြေလှပ သာယာရေးအတွက် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များနှင့် စနစ်တကျ ဆောင်ရွက်နေခြင်းကြောင့် ကမ်းခြေမှာ ရာခိုင်နှုန်း ၇၀ ကျော် ၈၀ ခန့် ပြန်လည်သန့်ရှင်းလာပြီး ခရီးသွားဝင်ရောက်မှု ပြန်လည်မြင့်တက်လာကြောင်း ချောင်းသာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ဆက်လက်ပြောကြားသည်။

ထိုသို့လှူဒါန်းရာတွင် အမှိုက်ပုံး၊ အမှိုက်ကောက်တုတ်ချောင်း၊ လည်ရှည်ဖိနပ်၊ လက်အိတ်၊ မိုးကာ၊ ခြင်ဆေးဖျန်းစက်၊ မြက်ရိတ်စက် အစရှိသည်တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါပစ္စည်းများ လှူဒါန်းပွဲကို ဇွန် ၂၂ ရက်တွင် ချောင်းသာကမ်းခြေရှိ Belle Resort တွင် သြစတြေးလျ ကျောင်းသားဟောင်းများ အဖွဲ့က ဦးဆောင်ကာ ပြုလုပ်ခြင်းဖြစ်ပြီး Australia Global Alumni၊ သြစတြေးလျသံရုံးနှင့် Royal D တို့က ပူးပေါင်းပါဝင်ကာ ချောင်းသာကမ်းခြေ စည်းကမ်းထိန်းသိမ်းရေး ကော်မတီထံသို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချောင်းသာကမ်းခြေသည် တစ်မိုင်ခွဲ ခန့်ရှည်လျားပြီး ကမ်းခြေ Sea View Hotel ၁၄ လုံး၊ ဟိုတယ်ခရီးလိုင်စင် ယူထားသည့် Back Site Hotel၂၆ လုံး၊ စည်ပင်လိုင်စင် ယူထားသည့် တည်းခိုခန်း အလုံး ၅၀၊ အုန်းတောတွင် တည်ဆောက်ထားသည့် စည်ပင်လိုင်စင် ပေးတော့မည့် တည်းခိုခန်း ၂၅ လုံးရှိကြောင်း သိရသည်။

No comments:

Post a Comment