Sunday, June 23, 2019

ဘူးသီးတောင်တွင် တပ်ပြေးတဦး ပစ်ခတ်မှုကြောင့် ဈေးသည်တဦး သေဆုံး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မြောက်ပိုင်း ဂုပ်ပီရွာမှာ ဇွန် ၂၃ ရက် မနက် ၇ နာရီကျော်လောက်က ဈေးဆိုင်သည်တယောက်ကို တပ်မတော် တပ်မ ၂၂ မှ တပ်ပြေးတယောက်က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “မနက် ၇ နာရီလောက်က ဖြစ်ပါတယ်။ သူက ကုန်စုံဆိုင်ရောင်းတာပါ။ စားစရာပစ္စည်းတွေကိုယူပြီး ဆိုင်ရှင်ကို သေနတ်နဲ့ပစ်သွားပြီး စက်တပ်မော်တော်နဲ့ ထွက်ပြေးသွားတယ်။ သူဟာ တပ်ပြေးတယောက်ဖြစ်တာကြောင့် တပ်နဲ့နယ်ခြားစောင့်က လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။



သေဆုံးသူဟာ အသက် ၃၅ နှစ်အရွယ် ဦးသာဇံအောင်ဖြစ်ပြီး သူ့မှာ သားတယောက်၊ သမီးတယောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းကိုမေးရာမှာ “တရားခံကို ဖမ်းဆီးရမိဖို့ နခခ နယ်ခြားစောင့်တပ်ဖွဲ့ခွဲက လိုက်ရှာနေပါတယ်။ သေဆုံးသူ အလောင်းကိုတော့ ဘူးသီးတောင်ကို သယ်လာပါတယ်” လို့ ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖြစ်စဉ်ကို မသိရှိသေးဘူးလို့ ပြောပါတယ်။

ဂုပ်ပီရွာဟာ အိမ်ခြေ ၃၅ အိမ်လောက်ရှိတဲ့ တိုင်းရင်းသားရွာတခု ဖြစ်ပါတယ်။

No comments:

Post a Comment