Sunday, June 23, 2019

ပြည်မြို့နယ်တွင် လေအိုးတပ် သေနတ်ဖြင့် ပစ်ခတ်သူအဖွဲ့ကို ရှာဖွေဖမ်းဆီးရာ ခြောက်လုံးပြူးသေနတ်နှင့် ကျည်ဆန်များ ထပ်မံ ဖမ်းဆီးရမိ

ပြည်မြို့နယ်တွင် လေအိုးတပ် သေနတ်ဖြင့် ပစ်ခတ်သူအဖွဲ့ကို ရှာဖွေဖမ်းဆီးရာမှ ခြောက်လုံးပြူး သေနတ်နှင့် ကျည်ဆန်များ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ပြည်မြို့နယ် သပွတ်ထောင် ကျေးရွာ ငါးကန်တွင် ဇွန် ၂၀ ရက် ညနေပိုင်းက ငါးမျှားနေသည့် လူငယ်များအား ကန် စောင့်နှင့်အဖွဲ့က လေအိုးတပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကျေးရွာသားများက ပစ်ခတ်သူများကို ဝိုင်းဝန်းဖမ်းဆီးကာ ရဲလက်အပ်စဉ် ဝိုင်းဝန်းထပ်မံရှာဖွေရာက ခြောက်လုံးပြူးသေနတ်နှင့် ကျည်ဆန်များကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



“ညက သပွတ်ထောင်အုပ်ချုပ်ရေးမှူးကနေပြီး ကလေးတစ်ယောက်က သေနတ်နဲ့ ပစ်လိုက်တယ် ကလေးတစ်ယောက်မှာ ဒဏ်ရာ ရသွားတယ်ဆိုပြီး ဖုန်းနဲ့ဆက်လို့ အုပ်ချုပ်ရေးမှူးအိမ်ကို ရောက်တော့ သူတို့ဖမ်းထားတဲ့ ကလေးလေသေနတ်နဲ့ ပစ်လိုက်တဲ့ကလေးပေါ့။ လုပ်သေနတ်ပေါ့။ အဲဒါကို တွေ့တယ်။ နောက် သူနဲ့ နောက်သုံးယောက်ကိုမိတယ်။ ဦးစိုးမြင့်က တိမ်းရှောင်ထွက်ပြေးတော့ ကျွန်တော်တို့လိုက်ရှာတော့ ဦးစိုးမြင့်အိမ်ကနေ သေနတ်နဲ့ ကျည်တွေ တွေ့တယ်ဆိုပြီး သတင်းပို့တော့ ခြောက်လုံးပြူးတစ်လက်ရယ် ပြုပြင်ထားတဲ့ ကျည်ငါးတောင့်ကို တွေ့တယ် မနက်ပိုင်းမှာ ဦးစိုးမြင့်ကို ဖမ်းဆီးရမိခဲ့ပါတယ်”ဟု အမှတ် (၃) နယ်မြေရဲစခန်းမှူးက ပြောကြားသည်။ ဖမ်းဆီးရမိသည့် သေနတ်များမှာ စက်ဘီး ဆိုင်ကယ်လေထိုးသည့် လေထိုးတံဖြင့် ပြုလုပ်ထားသည့် လက်လုပ်လေသေနတ် အမျိုးအစားတစ်လက်၊ ပစ်ခတ်ရာတွင်သုံးသည့် စက်ဘီးဘောစေ့များ၊ ခြောက်လုံးပြူး ခါးချိုးသံချေးတက်တစ်လက်နှင့် ပြုပြင်ထားသည့် ၉ မမကျည် ငါးတောင့်တို့ဖြစ်သည်။

“ညကဖြစ်တာကတော့ ကျွန်တော်တို့ကို သေနတ်နဲ့ပစ်လို့ဆိုပြီး အကြောင်းကြားတော့ ရွာက ရွာသားတွေ ၂၀ ကျော်လောက် စုပြီး လိုက်သွားကြတာပေါ့။ ရောက်သွားတော့ ပစ်တဲ့သူတွေနဲ့ တွေ့ပြီး ပစ်တဲ့ကလေးနဲ့ သုံးယောက်ကို ထိန်းသိမ်းထားလိုက်တယ်။ ဦးစိုးမြင့်ကတော့ ရှောင်သွားလို့ သူ့အိမ်ကို လိုက်ရှာကြတာမှာ ကြက်ခြင်းတောင်းအောက်မှာ သေနတ်အတိုကို တွေ့တယ်။ ထပ်ရှာကြတော့ ကျည်ဆန်တွေပါတွေ့တာ ရဲလက်အပ်လိုက်တယ်”ဟု သပွတ်ထောင်ကျေးရွာမှ ဦးမြင့်အုံးက ပြောကြားသည်။

အဆိုပါဖမ်းဆီးရမိခဲ့သူ လေးဦးအား အမှတ် (၃) နယ်မြေရဲစခန်းတွင်  (ပ) ၅၈၈/ ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇/၁၁၄ ဖြင့်လည်းကောင်း၊ လေသေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ဝေလွင်ဦး (ခ) ဖိုးခွားနှင့် ခြောက်လုံးပြူး လက်ဝယ်ထားရှိသူ ဦးစိုးမြင့်တို့အား ပုဒ်မ ၁၉ (စ) ဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။

No comments:

Post a Comment