Sunday, June 23, 2019

အာဏာသိမ်းရန်ကြိုးစားမှုအား ဟန့်တားခဲ့သည့် အီသီယိုပီးယားကာချုပ် သေနတ်ထိမှန်

အီသီယိုပီးယားနိုင်ငံ မြို့တော် အဒစ်အဘာဘာရဲ့ မြောက်ဘက်က ပြည်နယ်ထဲမှာ ဇွန် ၂၃ ရက်က အာဏာသိမ်းဖို့ ကြိုးစားမှုကို ဟန့်တားရင်း ကာကွယ်ရေးဦးစီးချုပ်ကို သေနတ် ထိမှန်ခဲ့တယ်လို့ ဝန်ကြီးချုပ် အဘီ အာမဒ်က ပြောပါတယ်။ ထိခိုက်သေဆုံးသူ အတော်များများထဲမှာ ဗိုလ်ချုပ်ကြီး စီးယားမီခွန်နန်လည်း တယောက် အပါအဝင်ပဲလို့ ဝန်ကြီးချုပ်က စနေနှောင်းပိုင်း အစိုးရ ရုပ်သံကနေ ပြောပါတယ်။ အမ်ဟာရာ ပြည်နယ်ထဲမှာ အာဏာသိမ်းဖို့ ကြံစည်သူတွေကို ဟန့်တားဖို့ ဗိုလ်ချုပ်ကြီးက ကြိုးစားခဲ့တယ်။



အာဏာသိမ်းဖို့ ကြိုးစားခဲ့ချိန်မှာ ဒေသန္တရအစိုးရ အရာရှိတွေ အစည်းအဝေး လုပ်နေတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီး စီးယား သေလား ဒဏ်ရာရလားဆိုတာ မသေချာသေးဘူးလို့ သူ့ရဲ့ ပြန်ကြားရေးအရာရှိက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မနှစ်က အာဏာရကတည်းက ဝန်ကြီးချုပ်ဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့နဲ့ တချိန်က အထီးကျန်ခဲ့တဲ့ အီသီယိုပီးယားကို တံခါးဖွင့်စနစ်ကျင့်သုံးဖို့ ကြိုးစားခဲ့တာပါ။ ဝန်ကြီးချုပ်ဟာ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးပါတီတွေကို ပိတ်ပင်မှု ဖယ်ရှားပါတယ်။

လူ့အခွင့်အရေး အလွဲသုံးစားမှုနဲ့ စွပ်စွဲခံရတဲ့ အရာရှိတွေကို တရားစီရင်ခဲ့ပါတယ်။ ဒါပေမယ့် လူဦးရေ သန်း ၁၀၀ ရှိတဲ့ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ မြင့်နေတာကိုတော့ အစိုးရကတိုက်ပွဲဝင် နေရဆဲပါ။

No comments:

Post a Comment