Sunday, June 23, 2019

Time မဂ္ဂဇင်းကြီးမှ အယ်ဒီတာ ဖြစ်လာတဲ့ အန်ဂျလီနာ ဂျိုလီ

အန်ဂျလီနာ ဂျိုလီဟာ ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးမှာ ဆောင်းပါး ရေးသားတဲ့ အယ်ဒီတာ တစ်ယောက် ဖြစ်လာကြောင်း သိရပါတယ်။ အခုလထဲမှာ အသက် ၄၄ နှစ်အရွယ် ဟောလိဝုဒ် မင်းသမီးဟာ Timeရဲ့ အယ်ဒီတာ အဖွဲ့နဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ ဂျိုလီဟာ တည်းဖြတ်မှုပိုင်းမှာ မပါဘဲ စာရေးသားတဲ့ အယ်ဒီတာ အနေနဲ့ပဲ ရှိနေမှာပါ။



သူ့ရဲ့ ဆောင်းပါးတွေဟာ ရွှေ့ပြောင်း အခြေချမှု၊ ပဋိပက္ခနဲ့ လူ့အခွင့်အရေး ပြဿနာတွေအကြောင်း အဓိက အလေးပေးသွားမယ်လို့ ဆိုပါတယ်။ ဂျိုလီဟာ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ဒုက္ခသည်များဆိုင်ရာ နှလုံးလှ သံတမန် တစ်ဦးလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ ဒုက္ခသည် စခန်းတွေဆီ လှည့်လည်သွားလာရင်း သူကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရတဲ့ အတွေ့အကြုံတွေကို ဆောင်းပါးတွေအဖြစ် ဖန်တီးပြီး စာဖတ်သူတွေဆီ ပေးပို့ဖို့ ဂျိုလီက တက်ကြွနေပါတယ်။

သူဟာ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ What We Owe Refugees ဆိုတဲ့ ပွဲဦးထွက် ဆောင်းပါးကို ရေးသား ဖော်ပြခဲ့ပြီးပါပြီ။ ဒုက္ခသည်တွေအပေါ် လေးစားမှု ထားသင့်ကြောင်းနဲ့ ဒီဝေါဟာရကို ကြားလိုက်တာနဲ့ အနုတ်လက္ခဏာဆန်တဲ့ အတွေးအခေါ်မျိုးတွေ ဘာကြောင့် ကိန်းအောင်းလာနေတတ်သလဲ ဆိုတာကို ဂျိုလီက ဆောင်းပါးထဲမှာ မေးခွန်းထုတ်ထားပါတယ်။ ဂျိုလီဟာ ဧပြီလတုန်းကလည်း Time မဂ္ဂဇင်းမှာ အာဖဂန် နစ္စတန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အမျိုးသမီးတွေကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးပြီး ပါဝင် ကူညီစေသင့်ကြောင်း အတွေးအမြင် Essay တစ်ပုဒ် ရေးသားခဲ့ဖူးပါသေးတယ်။

No comments:

Post a Comment