Sunday, June 23, 2019

ပစ်ချခဲ့သည့် အမေရိကန်ဒရုန်းယာဉ် ပျံသန်းသည့်လမ်းကြောင်းအသေးစိတ်မြေပုံ အီရန်ပြသ

အီရန် ရေပိုင်နက်ထဲမှာ အီရန်အစိုးရက ပစ်ချခဲ့တဲ့ အမေရိကန် ဒရုန်းယာဉ်ရဲ့ ပုံနဲ့ တည်နေရာတွေ အသေးစိတ်ကိုပြထားတဲ့ မြေပုံတခုကို အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မဒ်ဂျာဗဲ့ဒ်ဇာရိဖှ်က တွစ်တာ လူမှုကွန်ရက်ပေါ် ဇွန်လ ၂၂ ရက်က တင်လိုက်ပါတယ်။ မြေပုံပေါ်မှာ ဒရုမ်းယာဉ် ပျံသန်းတဲ့လမ်းကြောင်းကို အဝါရောင် စတုရန်း ၂ ခုနဲ့ ပြထားပါတယ်။ မြေပုံအရ ဒရုန်းယာဉ်ဆီကို အီရန်က ရေဒီယို စက်နဲ့ သတိပေးထားကြောင်း ပြထားပါတယ်။ ဒီယာဉ်ဟာ ပစ်ချခံရချိန်မှာ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ သံသယကို မရှိနိုင်ဘူးလို့ ဇာရိဖှ်က သူ့တွစ်တာ စာမျက်နှာပေါ်မှာ ရေးထားပါတယ်။ ဇွန် ၂၀ ရက်က အီရန်ဒုံးကျည်တစီးဟာ အမေရိကန်ရဲ့ ဂလိုဘယ်ဟော့ခ် ကင်းထောက် ဒရုမ်းယာဉ်ကို ပစ်ချခဲ့ပါတယ်။



အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြည်သူ အယောက် ၁၅၀ လောက် သေနိုင်လို့ လက်စားချေရေးအတွက် စစ်ရေးထိုးစစ်ကို မလုပ်ဘဲ ဟန့်တားထားတယ်လို့ ပြောပါတယ်။ အီရန်နဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့လည်း ပြောခဲ့ပါတယ်။ စစ်ရေးကို မသုံးပေမယ့် စစ်ရေးအရ အရေးယူမှုက ဖြစ်နိုင်ချေတော့ရှိဆဲပဲ။

အီရန် နျူကလီးယား လက်နက်တွေ မရအောင် ဟန့်တားဖို့ အားထုတ်တဲ့အနေနဲ့ အီရန်ကို နောက်ထပ် ဒဏ်ခတ်တာတွေ ချမှတ်သွားမယ်လို့ ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ဇွန်လ ၂၂ ရက်မှာ ပြောပါတယ်။ အီရန်အရေးကို အပြန်အလှန် ဆင်ခြင်သုံးသပ်ဖို့ ဝါရှင်တန်ကနေ အမေရိကန် သမ္မတ ရိပ်သာ Camp Davidကို သွားဖို့ ပြင်ဆင်နေတယ်လို့လည်း ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

No comments:

Post a Comment