Sunday, June 23, 2019

၂၀၁၉ ခုနှစ်အတွက် မော်တော်ယာဉ် အရောင်းပြခန်းတွင် ရောင်းချရန် တင်သွင်းလာသည့်မော်တော်ယာဉ်များသည် Brand New ဖြစ်ရမည်ဖြစ်ပြီး Model Year သည်ရောက်ရှိခုနှစ်နှင့် တစ်နှစ်နိမ့်မော်ဒယ် Brand New ဖြစ်ရမည်ဟု သိရ

၂၀၁၉ ခုနှစ်အတွက် မော်တော်ယာဉ် အရောင်းပြခန်းများတွင် ရောင်းချရန်တင်သွင်းလာသည့် မော်တော်ယာဉ်များသည် အသစ် (Brand New) ဖြစ်ရမည်ဖြစ်ပြီး မော်တော်ယာဉ်များ၏ Model Year သည် ရောက်ရှိ ခုနှစ်နှင့် ရောက်ရှိခုနှစ်အောက် တစ်နှစ်နိမ့် မော်ဒယ် အသုံးမပြုရသေးသော Brand New ဖြစ်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ၂၇/ ၂၀၁၉ ဖြင့် ၂၀၁၉ ခုနှစ်အတွက် မော်တော်ယာဉ်အရောင်းပြခန်း (Show Room) တွင်ရောင်းချရန် မော်တော်ယာဉ်တင်သွင်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။

မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံသားမှဖြစ်စေ၊  မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားဖက်စပ်ဆောင်ရွက်ခြင်းဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ဝန်ဆောင်မှု ကုမ္ပဏီအဖြစ် မှတ်ပုံတင်လက်မှတ် ရရှိထားသည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး ယင်းကုမ္ပဏီသည် တစ်ဖက်နိုင်ငံရှိ ပင်ရင်းကုမ္ပဏီမှဖြစ်စေ၊ Regional Office မှဖြစ်စေ မော်တော်ယာဉ်အသစ်များ ဖြန့်ဖြူးရောင်းချရန် အရောင်းကိုယ်စားလှယ် သိုမဟုတ် Dealership ဖြင့် တရားဝင်ခန့်အပ်ခြင်းခံသည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်သည်။

မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်ဆောင်ရွက်မည့်ကုမ္ပဏီ၏ ဘဏ်စာရင်းတွင် အာမခံငွေ (Deposit) အဖြစ် ကျပ်သိန်း ၁၅၀ဝ အား ဗဟိုဘဏ်က အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် သီးခြားငွေစာရင်းဖွင့် လှစ်၍ ထည့်သွင်း သိမ်းဆည်းထားရမည်ဖြစ်သည်။


မော်တော်ယာဉ်များကို တင်သွင်းရာတွင် တင်သွင်းခွင့်ပြုသည့် လိုင်စင်သက်တမ်း ကာလအတွင်း တင်သွင်းရမည်၊ ပြခန်းတွင် ရောင်းချရန်အတွက် တင်သွင်းလိုသည့် မော်တော်ယာဉ်အရေအတွက်နှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် ဆက်စပ်ဆောင်ရွက်မည့် တာဝန်ပေးအပ်ထားသော အဖွဲ့အစည်းများ၏ အခါအားလျော်စွာ ထုတ်ပြန်သတ်မှတ်သည့် အရေအတွက်အတိုင်းသာ တင်သွင်းရမည်ဖြစ်ပြီး မော်တော်ယာဉ်ဥပဒေအရ နှစ်စဉ်အတည်ပြုထုတ်ပြန်သော မော်တော်ယာဉ်အမျိုးအစားများနှင့် မော်ဒယ်နှစ်အတိုင်းသာ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

တင်သွင်းလာသည့်မော်တော်ယာဉ် အသစ်များအတွက် လိုအပ်သည့်အာမခံမှု၊ Spare Parts အပိုပစ္စည်းများရောင်းချနိုင်မှု၊ ရောင်းချပြီးနောက်ပိုင်း ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်မည့် အလုပ်ရုံကို တည်ထောင်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်အရောင်းပြခန်းဖွင့်လှစ်သည့် ကုမ္ပဏီအနေဖြင့် အရောင်းပြခန်းတွင် နှစ်နှစ်အတွင်း မရောင်းရသော မော်တော်ယာဉ်များကိုဖြစ်စေ၊ လုပ်ငန်းရပ်ဆိုင်း၍ ကျန်ရှိနေသော မော်တော်ယာဉ်များကိုဖြစ်စေ ဆိပ်ကမ်းရောက်ရှိပြီး နှစ်နှစ်အတွင်း စာရင်းရှင်းလင်းခြင်း၊ မှတ်ပုံတင်ခြင်း အပြီးဆောင်ရွက်ရမည်။ တင်သွင်းခဲ့သည့် မော်တော်ယာဉ်များ ရောင်းချခြင်း၊ ငွေလွှဲခြင်း၊ လက်ကျန်စာ ရင်းရှင်းလင်းခြင်း သို့မဟုတ် လုပ်ငန်းရပ်ဆိုင်း၍ သတ်မှတ်ထားသော စည်းကမ်းများနှင့် အညီ စာရင်းရှင်းလင်းခြင်းတို့ကို အပြီးသတ် ဆောင်ရွက်ပြီးပါက အပ်နှံထားသော အာမခံငွေ ကျပ်သိန်း ၁၅၀ဝ အား ပြန်လည်ထုတ်ယူနိုင်ကြောင်း စသည်တို့ကို ထုတ်ပြန်ထားသည်။

No comments:

Post a Comment