Sunday, June 23, 2019

မြန်မာနိုင်ငံ ဆေးကောင်စီ၏ လုပ်ငန်းတာဝန်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို လက်ရှိအခြေအနေနှင့် ကိုက်ညီစေရန် ပြင်ဆင်သင့်သည်များ ပြင်ဆင်ဆောင်ရွက် စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ ဆေးကောင်စီ၏ လုပ်ငန်းတာဝန်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို လက်ရှိအခြေအနေနှင့် ကိုက်ညီစေရန် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ဆောင်ရွက် သွားစေလိုကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။ ဇွန် ၂၁ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ မြန်မာနိုင်ငံ ဆေးကောင်စီ၌ ပြုလုပ်သည့်  မြန်မာနိုင်ငံဆေးကောင်စီ ဗဟိုအစည်းအဝေး (၂/၂၀၁၉) တွင် ဒေါက်တာမြင့်ထွေးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။



ရပ်ဝေးဒေသများမှ ဆရာဝန်များက ဆရာဝန်မှတ်ပုံတင်နှင့် ဆေးကုသခွင့်လိုင်စင်များ လျှောက်ထားရာတွင် လည်းကောင်း၊ ကောင်စီသို့ လိုအပ်သော အကြံဉာဏ်များ ပေးရာတွင်လည်းကောင်း အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးကို အထူးအလေးပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ကောင်စီအနေဖြင့် မှတ်ပုံတင်နှင့် လိုင်စင်လျှောက်ထားခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကို ကောင်စီ၏ အင်တာနက် စာမျက်နှာတွင် အချိန်နှင့်တစ်​ပြေးညီ ဆရာဝန်များအားလုံး သိရှိနိုင်ရေးအတွက် ပြည့်စုံစွာ ဖော်ပြထားရှိပြီး မှတ်ပုံတင်နှင့် ဆေးကုသခွင့် လိုင်စင်များကို အွန်လိုင်းမှ လျှောက်ထားနိုင်ရန်နှင့် နိုင်ငံတကာအဆင့်မီ Smart Card များ စိစစ်ထုတ်ပေးနိုင်ရန် ကြိုးစားဆောင်ရွက် စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် ကောင်စီ၏ အင်တာနက်စာမျက်နှာကို အချိန်နှင့်တစ်​ပြေးညီ သတင်းအချက်အလက်များ စုံလင်ပြီး အသုံးပြုရ လွယ်ကူစေရန် ဆောင်ရွက်သွားစေလိုကြောင်း၊ ကောင်စီ၏ လုပ်ငန်းတာဝန်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို လက်ရှိအခြေအနေနှင့် ကိုက်ညီစေရန် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ဆောင်ရွက် သွားစေလိုကြောင်း ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ထို့နောက် ဆေးပညာ ကျင့်ဝတ်များနှင့် ဆရာဝန်များ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများကိုလည်း ပိုမိုသိရှိလိုက်နာစေရေးအတွက် ဟောပြောပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ပုံမှန်ပြုလုပ် ဆောင်ရွက်သွားစေလိုကြောင်း၊ ဆရာဝန်များက နစ်နာချက်များ တင်ပြသည့်အခါ သင့်လျော်ကောင်းမွန်သော အကြံဉာဏ်များ ပေးအပ်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

No comments:

Post a Comment