Sunday, June 23, 2019

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွင်း ရဲမေအသစ် အယောက် ၅၀ ခေါ်ယူ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ ဒေသခံ အမျိုးသမီး ရဲမေ ၅၀ ဦးကို အခုလအတွင်း စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ ပညာအရည်အချင်းအနေနဲ့ ၉ တန်းအောင်အဆင့် သတ်မှတ်ထားပြီး အသက် ၂၅ နှစ်မကျော်သူ ဖြစ်ရမှာပါ။ ကိုယ်ရေးရာဇဝင်နဲ့အတူ သက်ဆိုင်ရာ ထောက်ခံချက်တွေနဲ့ နီးစပ်ရာ ရဲစခန်းတွေမှာ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။



နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးမင်းနိုင်​ကနေ ပြည်​ထဲ​ရေးဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီးနဲ့ တွေ့ဆုံကာ နာဂေ​ဒသမှာ ဒေသခံ ရဲ​မေတွေ ခန့်​ထား​ပေးနိုင်​​ရေး တင်​ပြတဲ့အ​ပေါ် ပြည်​​ထောင်​စုဝန်​ကြီးက ရဲ​မေခန့်​ထား​ပေးဖို့ သဘောတူ ခဲ့တယ်လို့ သိရပါတယ်။

“အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆောင်ရွက်ချက်ပေါ့။ ရဲမေ အဓိကခေါ်ရတာက နာဂဒေသမှာ ရဲမေ မရှိဘူး။ ဒေသရဲ့ အခက်အခဲကြောင့် ၁၀ တန်းမအောင်တဲ့ ကလေးအများစုက တက်လမ်းမရှိသလိုဖြစ်နေတယ်။ အလုပ်အကိုင်လည်း တောင်ယာခုတ် အိမ်ထောင်သားမွေးနဲ့ ပြီးတာများတယ်။ ပြီးတော့ ရဲအင်အားကလည်း အရမ်းလိုအပ်နေတယ်။ လူဦးရေ ၁ သိန်းကျော်ရှိ တာမှာ ရဲက ရာဂဏန်းလောက်ပဲရှိတယ်။ အခုလို ခေါ်တဲ့အတွက် ဒေသခံ မိန်းကလေးတွေ အတွက် အလုပ်အကိုင် ဖန်တီးပေးရာလည်းရောက်တယ်။ ရဲတပ်ဖွဲ့ဝင်လည်း တိုးလာတာပေါ့။”လို့ လဟယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကယ်က ပြောပါတယ်။

ဒေသခံ ရဲမေတွေကို လေရှီးမြို့နယ်အတွက် ၂၀ ဦး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်တွေ အတွက် ၁၅ ဦးစီ စုစုပေါင်း ၅၀ ဦးကို ခေါ်ယူခန့်ထားမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ စိတ်ဝင်စားမှု နည်းနေသေးပြီး လဟယ်မြို့နယ်မှာတော့ ၃၊ ၄ဦးသာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ နန်းယွန်းမှာတော့ ၅ ယောက်၊ ၆ ယောက်လောက်တော့ရပြီ။ အရပ်မမီလို့ လက်မခံနိုင်တာတွေလည်း ရှိတယ်။ ပြီးတော့ ရဲအလုပ်ဆိုတာ ယောက်ျားတွေပဲလုပ်ရတာ၊ ဗမာတွေပဲလုပ်ရတာဆိုတာမျိုးလည်း ထင်နေကြတယ်။ အတွေ့အကြုံလည်း မရှိတော့ စိုးရိမ်စိတ်တွေ ရှိတာပေါ့” လို့ နန်းယွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပါတယ်။

လျှောက်လွှာတွေကိုတော့ ဘယ်နေ့နောက်ဆုံးလို့ တိတိကျကျမသိရသေးပေမယ့် နောက်လအထိ ဖြစ်ဖို့များတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်ကို မေးမြန်းရာမှာတော့ ပြည်ထောင်စုက လုပ်တာဖြစ်လို့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒေသဦးစီးအဖွဲ့ရဲ့ ၂၀၁၈ ခုနှစ် လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာအရ အမှုအခင်း ဖြစ်ပွားမှုအနေနဲ့လည်း ၂၀၁၇-၂၀၁၈ ခုနှစ်က ဒေသတခုလုံးမှာ အမှုကြီး (၁၀) မျိုးအနေနဲ့ ၁ မှု၊ အခြားအမှု (၁၀)မျိုးအနေနဲ့ ၈ ခု၊ ကြိုကာမှု (၁၁)မျိုးအနေနဲ့ ၃ ခု စုစုပေါင်း ၁၂ ခုသာဖြစ်ပွားခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်မှာတော့ အမှုကြီး ၂ ခု၊ အခြားအမှု ၁၂ ခု၊ ကြိုကာမှု ၈ ခု စုစုပေါင်း ၂၂ ခုထိရှိလာကာ အမှုဖြစ်ပွားမှုလည်း တိုးလာခဲ့ပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုလုံးမှာ မြို့နယ် ၃ မြို့နယ်၊ မြို့ ၇ မြို့၊ ရပ်ကွက် ၁၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၁၆၊ ကျေးရွာပေါင်း ၂၆၆ ရွာရှိကာ လူဦးရေ ၁၂၈၉၀၀ ကျော်ရှိပြီး ရဲစခန်းအနေနဲ့ ၇ ခု၊ ရဲကင်းစခန်း ၃ ခု၊ ရဲတပ်ဖွဲ့ဝင် ၁၉၄ ယောက်ရှိတယ်လို့ ဒေသဦးစီးအဖွဲ့ အစီရင်ခံစာအရ သိရပါတယ်။

No comments:

Post a Comment