Sunday, June 23, 2019

ဇန်နဝါရီမှ ဇွန် ၁၇ ရက်အထိ ရန်ကုန်တိုင်း၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၇၃၀ ကျော်ရှိပြီး ရှစ်ဦးသေဆုံးကာ လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ မြို့နယ်များတွင် ဖြစ်ပွားနှုန်း မြင့်တက်

သွေးလွန်တုပ်ကွေးရောဂါနှိမ်နင်းရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော အထောက်အကူပြုပစ္စည်းများကို တွေ့ရစဉ်  (ဓာတ်ပုံ-အိသဥ္ဇာကျော်)၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇွန် ၁၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၃၄ ဦးရှိပြီး သေဆုံးသူရှစ်ဦးရှိကာ လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာမြို့နယ်များတွင် ဖြစ်ပွားနှုန်း မြင့်တက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (ရပကန) ဒေါက်တာ အေးမွန်မွန်ကျော်က ပြောကြားသည်။

“ဒီနှစ် ဇန်နဝါရီကနေ ဇွန်လ ၁၇ ရက် အထိဆိုရင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ပေါင်း ၇၃၄ ဦးရှိပြီးတော့ သေဆုံးသူကတော့ ရှစ်ဦးရှိပါတယ်။ ရန်ကုန်တိုင်းရဲ့ သွေးလွန်တုပ်ကွေး အခြေအနေကို ကြည့်မယ်ဆိုရင် လအလိုက်ဆိုရင်တော့ ဇွန်၊ ဇူလိုင်၊  သြဂုတ်လတွေမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်းတွေက များတတ်ပါတယ်။  ဇူလိုင်လမှာဆိုရင် အဖြစ်အများဆုံး ဖြစ်တတ်တာကို တွေ့ရပါတယ်။ နှစ်စကနေစပြီးတော့ သွေးလွန်တုပ် ကွေးဖြစ်ပွားမှုတွေကို စောင့်ကြပ်ကြည့်ရှုတာတွေ လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကထက် ဖြစ်ပွားနှုန်းက မတိမ်းမယိမ်းပဲ ဖြစ်နေတာဖြစ်တဲ့အတွက် ဒီနှစ်ကတော့ ကပ်ရောဂါအသွင် ဖြစ်ပွားတဲ့နှစ်လို့တော့ ပြောလို့မရ သေးပါဘူး”ဟု ဒေါက်တာ အေးမွန်မွန်ကျော်က ပြောကြားသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂ္လာဒုံ၊ တောင်ဒဂုံ၊ ဒဂုံ (အရှေ့)၊ သန်လျင်၊ လှည်းကူး၊ သာကေတ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် ဖြစ်ပွားနှုန်းအများဆုံးဖြစ်နေပြီး ယခုနှစ်အတွင်း လှိုင်သာယာမြို့နယ်၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၉၄ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။ ယခုနှစ် ဇန်နဝါရီမှ ဇွန်လပထမပတ်အထိ တစ်နိုင်ငံလုံး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃၁၀ဝ ကျော်နှင့် သေဆုံးသူ ၁၂ ဦးရှိ နေပြီး ကပ်ရောဂါအသွင်ဖြစ်ပွားမှု မရှိကြောင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်း ရေးစီမံချက်မှ သိရသည်။

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု သိသာစွာမြင့်တက်လာပြီး မြန်မာနိုင်ငံ၌ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားသူ ၂၃၀ဝ၀ နှင့် သေဆုံးသူ ၁၁၂ ဦးရှိခဲ့ကြောင်း ရောဂါပိုး သယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးနှိမ်နင်းရေးစီမံချက်မှ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာအရ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ယခုအခါ ကမ္ဘာ့နိုင်ငံများတွင် သိသာစွာမြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ရောဂါဖြစ်ပွားသူ ၃၁၂၈၈ ဦးနှင့် သေဆုံးသူ ၁၉၂ ဦးရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ပထမခြောက်လအတွင်း တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၀ဝ၀ ကျော်နှင့် သေဆုံးသူရှစ်ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ် ပထမငါးလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၇၀ နှင့် သေဆုံးသူ ရှစ်ဦးရှိခဲ့ပြီး ရန်ကုန်အပါအဝင် ဒေသအချို့၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများပြားနေခြင်းကြောင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို စနစ်တကျလုပ်ဆောင်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

No comments:

Post a Comment