Sunday, June 23, 2019

အခြေခံပညာ ကျောင်းများတွင် ကျောင်းတွင်းဒီမိုကရေစီကို လေ့ကျင့်ဖော်ဆောင်နိုင်ရေး အတွက် ကျောင်းကောင်စီများ ဖွဲ့စည်းရန် ညွှန်ကြားထား

အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းဒီမိုကရေစီကို လေ့ကျင့်ဖော်ဆောင် နိုင်ရေးအတွက် ကျောင်းကောင်စီများ ဖွဲ့စည်းရန် အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။ ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများတွင် ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ ကျောင်းတွင်း ဒီမိုကရေစီကို လေ့ကျင့်ဖော်ဆောင် နိုင်ရေးအတွက် ကျောင်းကောင်စီများကို ဖွဲ့စည်းရမည်ဟု သိရသည်။



ကျောင်းကောင်စီ ရွေးချယ်တင်မြှောက်ခြင်းကို ဇူလိုင်စတုတ္ထပတ်တွင် အပြီးသတ် ဖွဲ့စည်းဆောင်ရွက်ရမည်ဟု အခြေခံပညာ ဦးစီးဌာနက ကျောင်းများကို ညွှန်ကြားထားသည်။ ကျောင်းကောင်စီ ဖွဲ့စည်းဆောင်ရွက်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများက ကြီးကြပ်ဆောင်ရွက်ကြရန်နှင့်  ကျောင်းကောင်စီ ဖွဲ့စည်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို မှတ်တမ်းဓာတ်ပုံများ၊ ပူးတွဲပါ ဇယားတွင် ဖြည့်စွက်ပြီး သြဂုတ်လအတွင်း အခြေခံပညာ ဦးစီးဌာနသို့ ပေးပို့ရမည်ဟု ညွှန်ကြားထားသည်။

ထို့ပြင် အခြေခံပညာ ကျောင်းများတွင် ကျောင်းသား ကျောင်းသူများကို စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ပြည့်ဝရေး ဦးတည်ချက်ဖြင့် ပညာသင်ကြားပေးရာတွင် မိဘ၊ အုပ်ထိန်းသူနှင့် ဆရာဆရာမများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိဘဆရာအသင်း ဖွဲ့စည်းရန်လည်း အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားထားသည်။

ယင်းမိဘဆရာ အသင်းသည် ゞင်းတို့ ကျောင်းအလိုက် ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချပြဆွေးနွေးခြင်း၊ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း၊ ကျောင်းဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် မိဘနှင့် ရပ်ရွာပြည်သူ လူထုများ တက်ကြွစွာ ပါဝင်မှု ရှိစေရေး စည်းရုံးခြင်းနှင့် လိုအပ်သည်များကို ဆောင်ရွက်ခြင်း၊ မိဘနှင့် အုပ်ထိန်းသူများကလည်း ကျောင်းဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးစေခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။ တစ်နိုင်ငံလုံး၌ အခြေခံပညာကျောင်းပေါင်း လေးသောင်းခုနှစ်ထောင်ကျော် ရှိသည်။ 

No comments:

Post a Comment