Sunday, June 23, 2019

မြန်မာ့ပင်လယ်ပြင်တွင် တရားမဝင်ငါးဖမ်းဆီးမှုများကိုထိန်းချုပ်ရန် ကမ်းဝေးရေယာဉ် ထိန်းချုပ်စောင့်ကြည့်ရေး ကိရိယာ စက်တင်ဘာ ၁ ရက်အမီ တပ်ဆင်မည်

မြန်မာပင်လယ်ပြင်တွင် တရားမဝင် ငါးဖမ်းဆီးနေသည့် လုပ်ငန်းများကို ကာကွယ်တားဆီးနိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ ကမ်းဝေးရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးစနစ် (Vessel Monitoring System)ကို စက်တင်ဘာ ၁ ရက်အမီ တပ်ဆင်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှု  အတွေ့အကြုံများဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောကြားသည်။

အဆိုပါစနစ်သည် ငါးဖမ်းရေယာဉ် ရောက်ရှိသည့်နေရာနှင့် ရေယာဉ်လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်မည့် (Monitoring Control System) တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်ရှိသည့် ကမ်းဝေးငါးဖမ်းရေယာဉ် ၃၆၀ဝ ကို စောင့်ကြည့်ကာ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ထားသည့် ဧရိယာအတွင်းတွင် ဖမ်းနိုင်ရန် စောင့်ကြည့်ထိန်းချုပ်သည့်စနစ်ဖြစ်သည်ဟု သိရသည်။

“ငါးမဖမ်းရရာသီက ဇွန်၊ ဇူလိုင်၊ သြဂုတ် သတ်မှတ်ထားတယ်။ အဲဒီကာလပြီးသွားတဲ့ စက်တင်ဘာ ၁ ရက်မီအောင် တပ်ဆင်နိုင်အောင်လုပ်နေတယ်။ ဝန်ကြီးဌာနရော၊ ငါးလုပ်ငန်းဦးစီးဌာနရော အစွမ်းကုန် ကြိုးစားဆောင်ရွက်နေတယ်” အမြဲတမ်း အတွင်းဝန် ဒေါက်တာခင်ဇော်က ဆိုသည်။ လက်ရှိတွင် VMS တပ်ဆင်မည့် စနစ်အား တင်ဒါခေါ်ထားရာတွင် ကုမ္ပဏီရှစ်ခု အောင်ထားပြီး VMS တွင် သုံးစွဲမည့် software အတွက် တင်ဒါကို မေ ၂၄ တွင် ခေါ်ထားရာ ငါးပတ်အချိန်ပေးထားသည်ဟု သိရသည်။       

“အပြည်ပြည်ဆိုင်ရာမှာလည်း တရားမဝင် ငါးဖမ်းဆီးမှုတွေဟာ များလာတယ်။    မြန်မာနိုင်ငံ ငါးဖမ်းဧရှိယာထဲမှာလည်း လွန်ခဲ့တဲ့ နှစ်၃၀ လောက်ကထက်စာရင် ရေပေါ်ငါးတွေက ၉၀ ရာခိုင်နှုန်းလောက် လျော့နည်းသွားတယ်။ ရေအောက်ငါးတွေက ၄၀၊ ၅၀ ရာခိုင်နှုန်းလောက် လျော့နည်းသွားတယ်။ ဒါကြောင့်မို့ တရားမဝင်ငါးဖမ်းဆီးတာတွေကိုတော့ သေချာချာစောင့်ကြည့် ထိန်းချုပ်ဖို့လိုတယ်။ ဒါမှလည်း ငါးသယံဇာတတွေ မပြုန်းတီး၊ မလျော့ပါးဘဲနဲ့ သယံဇာတတွေ ရေရှည်ထုတ်လုပ်သုံးစွဲနိုင်မှာဖြစ်ပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောကြားသည်။

ပင်လယ်ပြင်တွင် တရားမဝင်ငါးဖမ်းဆီးမှုများကို ငါးလုပ်ငန်းဦးစီးဌာန၊ တပ်မတော်ရေနှင့် ကမ်းနီးရေကြောင်းရဲတို့နှင့် ပူးပေါင်းကာ ထိထိရောက်ရောက် တိုက်ဖျက်သွားနိုင်မှာဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ ကမ်းဝေးငါးဖမ်းရေယာဉ် စောင့်ကြည့်ကိရိယာ၏ စောင့်ကြည့်ရုံးချုပ်ကို နေပြည်တော်တွင် သတ်မှတ်ထားပြီး ရန်ကုန်၊ မွန်၊ တနင်္သ࿿ာရီ၊ ရခိုင်၊ ဧရာဝတီတွင် ရေယာဉ်စောင့်ကြည့်ဌာနများ ထားရှိသွားမည်ဟု ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

No comments:

Post a Comment