Sunday, June 23, 2019

ကိုယ်ထူကိုယ်ထကျောင်းအတွက် ဆရာငှားစရိတ် အခက်အခဲဖြစ်

အခြားရွာကျောင်းသို့ စက်လှေဖြင့် သုံးမိုင်ခန့်သွားပြီး ကျောင်းတက်ရသဖြင့် ကလေးများအတွက် အန္တရာယ်များ၍ ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်ပြီး စာသင်နေသည့် နတ္တလင်းနယ်မှ ဉာဏ်လည်ရွာတွင် ဆရာ၊ ဆရာမ ငှားရမ်းစရိတ် အခက်အခဲဖြစ်နေကြောင်း ယင်းကျေးရွာသားများထံမှ သိရှိရသည်။ ဉာဏ်လည်ရွာသည် သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်တွင်ရှိပြီး ယခင်နှစ် အဆက်ဆက်က ကျောင်းသားများသည် သုံးမိုင်ခန့်စက်လှေဖြင့် သွားရသည့် အောင်ဇေယျကျေးရွာသို့ သွားရောက်ကျောင်းတက်ရ၍ ယခုနှစ်တွင် ရွာသားများစုပေါင်း၍ ကိုယ်ထူကိုယ်ထကျောင်း ဖွင့်ခဲ့ခြင်းဖြစ်သည်။



ဉာဏ်လည်ရွာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွင် တောင်ညိုဆည်ဘေးရှိ ညိုတစ်ထောင်ရွာ၊ သပြေပင်ရွာ၊ သာယာကုန်းရွာတို့မှ ကလေးများလည်း လာရောက်ကျောင်းနေပြီး သူငယ်တန်း (KG)မှ ပဉ္စမတန်းအထိ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးရှိကြောင်း ယင်းကျေးရွာကျောင်းသားမိဘများထံမှ သိရှိရသည်။

စာသင်ကြားရန် ဆရာတစ်ဦး ငှားရမ်းထားရပြီး တစ်လလျှင် ကျပ် ၁၈၀,ဝ၀၀ ပေးရပြီး နေထိုင်ရေး၊ စားသောက်ရေးကိုလည်း ရွာကစီစဉ်ပေးရကြောင်း၊ ဆရာငှားရမ်းစရိတ်အတွက် ကျောင်းသားတစ်ဦးလျှင် တစ်လ ကျပ်တစ်သောင်းကျော် ထည့်ဝင်ပေးရကြောင်း အဆိုပါကျေးရွာမှ ကျောင်းသားမိဘ ဦးစောအယ်ကောက ပြောကြားသည်။

အဆိုပါရွာတွင် အိမ်ထောင်စု ၃၀၀ ခန့်ရှိပြီး ပဲခူးရိုးမဒေသဖြစ်၍ သစ်ခုတ် ဝါး ခုတ် တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်စားသောက်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

No comments:

Post a Comment