Sunday, June 23, 2019

ကရင်ပြည်နယ် ကမမောင်းရွာအနီး မိဇိုင်းတောင်ခြေတွင် နှစ်ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအသွင် စစ်ရေးတင်းမာမှု ပြေလျော့ပြီး လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်မည်ဟု သိရ

ကရင်ပြည်နယ် ကမမောင်းရွာအနီး မိဇိုင်းတောင်ခြေတွင် အခြေချသော ခွဲထွက် DKBA အဖွဲ့နှင့် နယ်ခြားစောင့်တပ်၊ တပ်မတော်တို့နှင့် နှစ်ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအသွင် စစ်ရေးတင်းမာမှု ဖြစ်ပွားပြီးနောက် ဇွန် ၂၃ ရက်တွင် အဆိုပါခွဲထွက် DKBA အဖွဲ့သည် နယ်ခြားစောင့်တပ်နှင့် ပူးပေါင်း၍ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်မည်ဖြစ်ကြောင်း သိရသည်။ ကရင်ပြည်နယ် မြိုင်ကြီးငူတစ်ဖက်ကမ်း ဖာပွန်ခရိုင် ကမမောင်းရွာအနီး မိဇိုင်းတောင် အခြေချစခန်းတွင် ၂၀၁၉ ဇွန် ၂၀ ရက် နံနက်ပိုင်းမှစ၍ တစ်နေကုန် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တိုက်ပွဲအသွင် ပစ်ခတ်မှုများဖြင့် စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက်
ဇွန် ၂၂ ရက်တွင် မိဇိုင်းတောင် ဆရာတော်နှင့် တပ်ဘက်အရာရှိများ၊ BGF တပ်မှူးများ၏ ညှိနှိုင်းမှုအရ စစ်ရေးတင်းမာမှုများ ပြေလျော့ပြီး DKBA (တိုးတက်သော ကရင်ဗုဒ္ဓဘာသာ) တပ်ဖွဲ့ဝင် ၄၂ ဦးသည် လက်နက် ၃၀ ခန့်ကို မြိုင်ကြီးငူဒေသရှိ BGF တပ်ရင်းတစ်ခု၌ ဇွန် ၂၃ ရက်တွင် အပ်နှံကာ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်မည်ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် မိဇိုင်းတောင်ခြေတွင် DKBA ခွဲထွက်အဖွဲ့နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)၊ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ၃၀ဝ ခန့်မှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းတွင် ခိုလှုံနေကြရကြောင်း သိရသည်။ ကမမောင်းမြို့ အနောက်ဘက် ခုနစ်မိုင်ခန့်အကွာ မိဇိုင်းတောင် ဆရာတော် ဦးစန္ဒာဝရနှင့် DKBA ခွဲထွက် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ဘိတို့ အခြေချထားသော မိဇိုင်းတောင်တွင် BGF တပ်ရင်းမှ ဗိုလ်မောင်ချစ် ဦးစီးသောတပ်ဖွဲ့နှင့် တပ်မတော် ပူးပေါင်းအင်အားများ ဇွန် ၂၀ ရက်က စတင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment