Sunday, June 23, 2019

စတုတ္ထအကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနေ့ ဧည့်ခံပွဲကျင်းပ

စတုတ္ထအကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲကို ဇွန်လ(၂၁)ရက်က ရန်ကုန်မြို့ Pan Pacific ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ တရုတ်-မြန်မာသံတမန် ဆက်ဆံရေးထူထောင်ခဲ့တာဟာ(၆၉)နှစ်ရှိပြီဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မာလာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်ကပြောပါတယ်။ သံအမတ်ကြီးအနေနဲ့ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုလေးနက်အောင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

(၂၀၁၆)ခုနစ်က နှစ်နိုင်ငံသံတမန်ဆက်ဆံရေး(၆၆)နှစ်ပြည့်မှာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနေ့ကို စတင်ကျင်းပခဲ့တာပါ။ လက်ရှိမှာ တရုတ်-မြန်မာဆက်ဆံရေးဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အကောင်းဆုံးအခြေအနေရောက်နေပြီလို့ မြန်မာနိုင်ငံ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဧည့်ခံပွဲကို တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦးအပါအဝင် တာဝန်ရှိသူတွေတတ်ရောက်ခဲ့ကြပါတယ်။ သတင်း- သန့်ဇင်လင်း

No comments:

Post a Comment