Sunday, June 23, 2019

ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန် ၂၂ ရက်အထိ H1N1 ဖြစ်ပွားသူ ၁၃ ဦးအနက် ခြောက်ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန် ၂၂ ရက်အထိ ရာသီတုပ်ကွေး H1N1 အတည်ပြု လူနာ ၁၃ ဦးအနက် ခြောက်ဦးသေဆုံးကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၏ ပြောကြားချက်အရ သိရသည်။ “ဒီနေ့ (ဇွန်၂၂ရက်) အထိ H1N1 က ၁၃ ဦးရှိပြီး အဲဒီထဲက သေဆုံးသူ ခြောက်ဦးရှိပါပြီ။ နောက်ထပ် သေဆုံးလူနာတွေက မရမ်းကုန်း၊ မှော်ဘီနဲ့ သာကေတကပါ” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။



လတ်တလော ဖြစ်ပွားနေသော ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြောက်ဥက္ကလာ၊ အင်းစိန်၊ လှိုင်သာယာဆေးရုံကြီး အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆေးရုံကြီး ၁၅ ခုတွင် ထပ်မံတိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။ ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကျန်းမာရေးပြဿနာ ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများ ၂၀ဝ၅ နှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသတွင်း အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တုပ်ကွေးဆန်သော ရောဂါလက္ခဏာ ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို ၂၀၁၇ ခုနှစ်မှစ၍ ဆေးရုံကြီး ရှစ်ရုံတွင် ဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုနှစ်အတွင်း မြောက်ဥက္ကလာပ ဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ လှိုင်သာယာ ဆေးရုံကြီးနှင့် တိုင်းဒေသကြီး ပြည်နယ်အဆင့် ဆေးရုံကြီး စုစုပေါင်း ၁၅ ခုတွင် ထပ်မံတိုးချဲ့ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲသည် ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ မေလကုန်အထိ တုပ်ကွေးရောဂါပိုး စစ်ဆေးသူ ၇၁ ဦး အနက် ၁၀ ဦးတွင် တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ပြီး ゞင်းတို့အနက် လေးဦးတွင် Influenza A (H1N1) pdm 09 ပိုးတွေ့ရှိကာ သေဆုံးသူ မရှိခဲ့ကြောင်း၊ ဖြစ်ပွားနှုန်း မြင့်တက်လေ့ရှိသည့် မိုးဦးကျကာလဖြစ်သော ဇွန်လအစောပိုင်းမှစ၍ ရာသီတုပ်ကွေးရောဂါပိုး စစ်ဆေးသူ ၄၈ ဦးအနက် ၁၂ ဦးတွင် Influenza A (H1N1) pdm 09 ပိုးတွေ့ရှိခဲ့ကြောင်းနှင့် ဇန်နဝါရီမှ ဇွန် ၂၀ ရက်အထိ စုစုပေါင်း လူနာ ၁၆ ဦးတွင် Influenza A (H1N1) pdm 09 ပိုးတွေ့ရှိခဲ့ပြီး သေဆုံးမှုအနေဖြင့် ရောဂါပိုးကြောင့် ရန်ကုန်တိုင်းမှ ငါးဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်ဦး စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ ကြောင်း ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၇ ခုနှစ်က ရာသီတုပ်ကွေး H1N1 သံသယလူနာ ၅၁၄ ဦးရှိပြီး ဓာတ်ခွဲအတည်ပြုလူနာ ၉၇ ဦးအနက် ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment