၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွေကို မနက်ဖြန်မှာ ပညာရေးမှူးရုံးတွေဆီကို စတင်ဖြန့်ဝေမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေအနေနဲ့ တက္ကသိုလ်တွေရွေးချယ်လျှောက်ထားနိုင်ဖို့ ဝင်ခွင့်လမ်းညွန်တွေကို ဇွန်လ ၁၇ရက်မှာစတင်ဖြန့်ဝေမှာဖြစ်ပါတယ်။ ပညာရေးမှူးရုံးတွေကတဆင့် ကျောင်းသားကျောင်းသူတွေကို ထုတ်ပေးမှာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေကို ထုတ်ပေးမယ့်အချိန်ကိုတော့ မသိရသေးဘူးလို့သိရပါတယ်။
ဒါ့အပြင် ဒီနှစ်တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ထဲမှာ ထူးခြားချက်အနေနဲ့ ပညာရေးဒီဂရီကောလိပ်ဝင်ခွင့်ကို ထည့်သွင်းထားတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောပါတယ်။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ထဲမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်တွေမှာ သင်ကြားပေးမယ့်ဘာသာရပ်တွေ၊ တက္ကသိုလ်တွေရဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေ၊ ဝင်ခွင့်လျှောက်ထားနိုင်မယ့် နည်းလမ်းတွေ၊ ပညာသင်ဆုနဲ့ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားဖို့ လိုအပ်ချက်တွေပါဝင်မှာဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာနဲ့ စာအိတ်ကိုပါ ထုတ်ပေးသွားမှာဖြစ်ပါတယ်။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်နဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို သက်ဆိုင်ရာပညာရေးမှူးရုံးတွေနဲ့ ကျောင်းအုပ်ကြီးတွေဆီမှာ ထုတ်ယူနိုင်မှာဖြစ်ပြီး သတ်မှတ်ရက်မတိုင်မီ အဆင့်မြင့်ပညာ ဦးစီးဌာနကို ဝင်ခွင့်ပြန်လည်လျှောက်ထားရမှာဖြစ်ပါတယ်။
၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ ရှစ်သိန်းခွဲကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး အဲ့ဒီထဲမှာ နှစ်သိန်းခြောက်သောင်းကျော် ဖြေဆိုအောင်မြင်ခဲ့ပါတယ်။
No comments:
Post a Comment