Friday, May 17, 2019

Batman ဖြစ်လာမယ်လို့ သတင်းထွက်နေတဲ့ Twilight မင်းသား

Batman ဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ ရောဘတ် ပက်တင်ဆန်ကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။ Twilight ရုပ်ရှင်တွေနဲ့ စတင် နာမည်ကျော်လာတဲ့ မင်းသားဟာ ဒါရိုက်တာ မတ်ရိဗ်စ် တာဝန်ယူ ရိုက်ကူးမယ့် The Batmanမှာ Warner Brothers ကုမ္ပဏီက ရွေးချယ်တဲ့ Batmanဇာတ်ဆောင် ဖြစ်လာမယ်လို့ မေလ ၁၆ ရက်ကစပြီး ဟောလိဝုဒ် သတင်းဌာန အများအပြားက ဖော်ပြလာပါတယ်။



သူဟာ Warner Brothersနဲ့ လက်တွဲဖြုတ်ခဲ့ပြီဖြစ်တဲ့ ဘန်အက်ဖလက်ရဲ့ စူပါဟီးရိုး သရုပ်ဆောင်ဘဝကို ပြောင်းလဲ ဆက်ခံမယ့် သဘောပါ။ ပက်တင်ဆန်နဲ့ ကုမ္ပဏီဖက်ကတော့ လက်ရှိ သတင်းတွေအပေါ် အတည်ပြုမှု မရှိသေးပါဘူး။

ပရိသတ်တွေရဲ့ အမြင်ကတော့ ဇာတ်ရုပ်နဲ့ သရုပ်ဆောင် လိုက်ဖက်မှု ရှိမရှိ အမျိုးမျိုး ကွဲပြားနေကြပါတယ်။ Varietyက ဒါရိုက်တာ ရိဗ်စ်ဟာ ပက်တင်ဆန်အပေါ် အပြည့်အဝ ကျေနပ်မှု ရှိနေပြီး ရုပ်ရှင် ဇာတ်ညွှန်းကို နောက်ဆုံးအဆင့် အချောသတ်နေပြီလို့ ဖော်ပြခဲ့ပါတယ်။

The Batmanဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လကုန်လောက်မှာ စတင် ရုံတင်ဖြစ်ဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။ ရိဗ်စ်ဟာ အရင်ကတည်းက အက်ဖလက်ထက် အသက်ပိုငယ်တဲ့ မင်းသားတစ်လက်ကို Batman နေရာအတွက် အလိုရှိနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Batman နေရာအတွက် အသက် ၃၂ နှစ်အရွယ် ပက်တင်ဆန်နဲ့ အသက် ၂၉ နှစ်အရွယ် နစ်ကိုလက်စ် ဟော့လ်တ်တို့က ရေပန်းအစားဆုံးအဖြစ် နာမည်ထွက်ခဲ့ကြပါတယ်။

No comments:

Post a Comment