Friday, May 17, 2019

မြောက်ဥက္ကလာပတွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ ဆေးခြောက်များနှင့် ဓားရှည်များရဲဒင်းများဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ ဆေးခြောက်များနှင့် ဓားရှည်များရဲဒင်းများကိုင်ဆောင်သူတို့အား ဖမ်းဆီးရမိခဲ့သည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၀)ရန်ကုန်(မြောက်)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ထိုသို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။


မေလ ၁၅ ရက် နံနက် ၅နာရီ အချိန်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၀)ရန်ကုန်(မြောက်) မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ ယုဇန(၂)လမ်းပေါ်တွင် အဆိုပါရပ်ကွက်နေ မြင့်ဇော်(ခ)ဆံရှည်(၂၆ နှစ်)မောင်းနှင်ပြီး လှိုင်သာယာ မြို့နယ်၊ (၁၀)ရပ်ကွက်နေ အောင်လေး(ခ)အောင်ရဲဖြိုး(၂၅ နှစ်)နှင့် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ပိတောက်မြိုင် လမ်းနေ ပြည့်ဖြိုးအောင် (၂၃ နှစ်)တို့ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့စစ်ဆေးရှာဖွေရာတွင် ၎င်းတို့ သုံးဦးထံမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉ ပြား၊ ပလတ်စတစ် အိတ်ဖြင့်ထည့်ထားသည့် ဆေးခြောက်အလေးချိန် ၈ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၅၆၀၀ ကျပ်)၊ မြန်မာငွေ ၁၀၁၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် ဓား ၃ ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် မြင့်ဇော်(ခ)ဆံရှည်၏ တိုက်ခန်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများကျန်ရှိနေသေးကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ နံနက် ၆နာရီအချိန်တွင် ပူးပေါင်းအဖွဲ့မှ ဆက်လက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ မြင့်ဇော်(ခ)ဆံရှည် အိပ်သည့်အိပ်ယာတွင် အဆိုပါလမ်းနေ အောင်ကျော်(ခ)ကျော်သက်လင်း(၂၁ နှစ်)အား မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ နှင့်အတူထပ်မံတွေ့ရှိခဲ့သည်။

အခန်းအတွင်းရှိ လက်ဆွဲအိတ်အတွင်းမှလည်း ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀ ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၇၁၁၉ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၁၃.၅၇ သိန်း)၊ ဓား ၃ ချောင်းနှင့် စကေဘာ ၁ ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြန်သည်။

ထို့ကြောင့် မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ သိရသည်။

No comments:

Post a Comment