Friday, May 17, 2019

ကလေးမုဒိမ်း ကက်သလစ်ဘုန်းကြီးတွေအကြောင်း မှတ်တမ်းရုပ်ရှင်ကြောင့် ပိုလန်တွင် ၄င်းအမှုအတွက် ထောင်ဒဏ်နှစ်တိုးမြှင့်ရန် ပြင်ဆင်နေ

ကက်သလစ်သာသနာလွှမ်းမိုးတဲ့ ပိုလန်နိုင်ငံမှာ ကက်သလစ်ဘုန်းတော်ကြီးတွေ ကျူးလွန်ခဲ့တဲ့ ကလေးမုဒိမ်းမှုတွေရဲ့ဂယက်ကြောင့် အစိုးရဟာ အဆိုပါအမှုတွေအတွက် ထောင်ဒဏ်တိုးမြှင့် ချမှတ်ရန် ပြင်ဆင်နေကြောင်း ထုတ်ဖေါ်ပြောကြားလာရပါတယ်။ ပိုလန်မှာ လက်ယာစွန်း PiS ပါတီအစိုးရ အာဏာရနေပြီး ၄င်းတို့ဟာ ပိုလန်ကက်သလစ် အသင်းတော်နဲ့ မဟာမိတ်တွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ကလေးမုဒိမ်းမှုဂယက်တွေကြောင့် ထိုအမှုတွေ အတွက် ပြစ်ဒဏ်ကို ထောင်ဒဏ်နှစ် ၃၀ နဲ့ လိင်ကိစ္စအရွယ်ရောက်မှုအသက်ကို ၁၅ နှစ်ကနေ ၁၆ နှစ်သို့ တိုးမြှင့်ရန် ၄င်းတို့ကပဲ အဆိုပြုလာပါတယ်။



ပိုလန်သတင်းသမားတစ်ဦး စီစဉ်ရိုက်ကူးခဲ့တဲ့ “ဘယ်သူ့ကိုမျှ ပြောမပြနဲ့ (Tell No One) ”အမည်ရှိ မှတ်တမ်းရုပ်ရှင်ကားကြောင့် နိုင်ငံတွင်း ထိုသို့လှုပ်ခတ်သွားခဲ့ပါတယ်။ ၂ နာရီစာကြာမြင့်တဲ့ ၄င်းရုပ်ရှင် ကို မေလ ၁၁ ရက်နေ့မှာ Youtube ပေါ်သို့တင်ခဲ့ရာ ရက်ပိုင်းအတွင်း ကြည့်ရှုသူ ၁၆ သန်း ရှိလာခဲ့ပါတယ်။

၎င်းမှတ်တမ်းရုပ်ရှင်ဟာ ပိုလန်ဘုန်းတော်ကြီးတွေရဲ့ အဓမ္မပြုကျင့်မှုများအကြောင်းကို ရိုက်ကူး ထားခြင်းဖြစ်ပြီး အဓမ္မပြုကျင့်ခံခဲ့ရသူတွေက ထိုဘုန်းကြီးတွေအား ရင်ဆိုင်ပြစ်တင်ခန်းတွေကိုတောင် ကင်မရာပုန်းများဖြင့် လျှို့ဝှက်ရိုက်ကူးပြီး တင်ပြထားပါတယ်။

၎င်းမှာ ဘုန်းကြီးအတော်များများက ၄င်းတို့ရဲ့ပြစ်မှုအတွက် ဝန်ခံတောင်းပန်ကြပြီး အချို့ဆိုရင် ကြေအေးငွေ ပေးရန် ကမ်းလှမ်းလာကြပါတယ်။

ဒါ့ပြင် ကလေးမုဒိမ်းမှုဖြင့် စွပ်စွဲခံ သို့မဟုတ် စီရင်ချက်ချခံရဖူးတဲ့ ဘုန်းတော်ကြီးတွေကို သာသနာပိုင် အသိုင်းအဝိုင်းမှ မထုတ်ပယ်ဘဲ ပြောင်းရွှေ့ပြစ်ဒဏ်မျှဖြင့်သာ အရေးယူပြီး ကလေးတွေအနီးအနားမှာ အမှုတော်ဆက်ထမ်းဆောင်ခွင့် ပေးခဲ့ကြကြောင်းကို ၄င်းရုပ်ရှင်မှာ အသေးစိတ် ဖေါ်ထုတ်တင်ပြ ထားပါတယ်။

ပုပ်ရဟန်းမင်းကြီးဟောင်း ဂျွန်ပေါလ် (၂) ဟာ ၄င်းရဲ့ ပိုလန်နိုင်ငံမှာ ကွန်မြူနစ်အစိုးရနဲ့ အသင်းတော်ကြား အားပြိုင်မှုဖြစ်ပွားခဲ့စဉ်တုန်းက အသင်းတော်ရဲ့သိက္ခာ ထိခိုက်ပျက်ပြားမည်ကို ကာကွယ်ရန်အတွက် အဆိုပါကလေးမုဒိမ်းမှုတွေကို မျက်ကွယ်ပြုထားခဲ့ကြောင်း ကောက်ချက်ဖြင့် ရုပ်ရှင်ကို နိဂုံးချုပ်ထားပါတယ်။

လွန်ခဲ့တဲ့နှစ် ၃၀ အတွင်းမှာ ကလေးငယ်တွေနဲ့ အသက်မပြည့်သေးသူတွေကို အဓမ္မပြုကျင့်ခဲ့တဲ့ ဘုန်းတော်ကြီးပေါင်း အပါး ၄၀၀ ရှိခဲ့ကြောင်း ပိုလန်ကက်သလစ်အသင်းတော်က ၂၀၁၉ မတ်လမှာ ထုတ်ဖေါ်ဝန်ခံထားပါတယ်။

No comments:

Post a Comment